လှိုင်းလုံးကြားက ကျွန်တော်

11 12 2010

ရောက်နေရတာက လှိုင်းလုံးကြား.. လေကြမ်းတိုက်လို့ လှိုင်းပုတ်တဲ့ဘက်ရောက်နေရတဲ့ အဖြစ်..

တောင်လေတိုက်လို့ လှိုင်းမြောက်ဘက်ပုတ်တဲ့အခါ မြောက်ဘက်ကို ရောက်နေရတယ်.. သောင်ကမ်းဆိုတာမြင်ဘူးဖို့ ဝေးစွ.. ဘယ်နားဆိုတာတောင် ကြံစည်လို့မရတဲ့အဖြစ်..

ဦးတည်ရာကူးခတ်ရင်း ငါး၊လိပ်၊မကန်း အန္တရာယ်တွေကို ထိတ်လန့်နေရတယ်..

ငါး၊လိပ်၊မကန်းတွေ မဆွဲခင် လှိုင်းကြားလေကြား ရုန်းကန်ရင်း ခိုစရာ တွဲစရာ ရရာလေးကို အားကိုးနေရတယ်..

သောင်ကမ်းမသိ ဖောင်ကောင်းမရှိလို့ ဒီဒုက္ခကလွတ်အောင် ကြိုးစားမယ်လို့လည်း မဖြစ်ခဲ့ဘူး..

ကြုံရာလေးမှီခိုရင်း မဆုံးနိုင်တဲ့ ခရီးကို ဆက်နေရတယ်..

မမြဲတဲ့ဖောင် ခိုမိလို့လည်း ဖောင်နဲ့အတူ မြုပ်ပေါင်းကလည်းမနဲ..

ဒုက္ခပေါင်းစုံကြား ပင်ပန်းတကြီး လက်ပစ်ကူးနေတဲ့အဖြစ်က သောင်ကမ်းပေါ်ကသူ အတွက်တော့ သနားစရာပေါ့..

တွေ့ရာကြုံရာဖောင်လေးကို ခိုရင်း ဖောင်မပျက်ခင်တော့ အားကိုးရာပေါ့.. အားကိုးရာလေးကိုပဲ တွယ်တာရင်း ဖောင်ပျက်ရင် လိုက်မြုပ်မယ်ပေါ့..

အင်း……. ဖောင်ကောင်းလေးရတုန်း. သောင်ကမ်းလေး တည်ရာကို သိတုန်း ငါး၊လိပ်၊မကန်း မဆွဲခင်တော့ ဒီတစ်ခေါက် သောင်ပေါ်ရောက်အောင်တော့ အားလေးစိုက်မှ ဖြစ်တော့မယ်…

မဟုတ်ရင်တော့……………



ပင်လယ် = သံသရာ

လှိုင်းလေ = လောကဓံ

ငါး၊လိပ်၊မကန်း = ဇရာ၊ဗျာဓိ၊မရဏ

မကောင်းသောဖောင် = ကာမဂုဏ် ၊ အယူမှား

ဖောင်ကောင်း = မဂ္ဂင်

သောင်ကမ်း = နိဗ္ဗာန်

Advertisements




အမှားနဲ့အမှန်

10 03 2010

ကျွန်တော်တို့လူတွေက လူတန်းစားအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး၊ အမျိုးမျိုးပေါင်းတွေကို အများကြီးအမျိုးမျိုးရှိကြတယ်။ လူအနေနဲ့ကြည့်လို့သာ လူအမျိုးမျိုးဖြစ်သာ.. သတ္တ၀ါအနေနဲ့ဆိုရင် သတ္တ၀ါအမျိုးမျိုးပေါ့.. အဲလို အမျိုးမျိုးသော အမျိုးပေါင်းများစွာတွေထဲမှာ ထင်မြင်ယူဆချက်၊ ခံယူချက်၊ ယုံကြည်ချက်တို့လည်း အမျိုးမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး။ ကိုယ်ယုံကြည်ရာ အားသန်ရာကိုပဲလိုက်နေကြတာပဲ.. ကိုယ်ယုံကြည့်ရာပဲ အားထားပြီး ကိုယ်ယုံကြည်ရာကိုပဲ အမှန်လုပ်ထားကြတာပဲ။ ကိုယ်ယုံကြည်တဲ့အရာက ကိုယ်ယုံကြည်တဲ့အတွက် ကိုယ်ကတော့ အမှန်ပဲ။ ကိုယ်ဟာက မှန်တယ်ဆိုရင်တော့ သူများဟာက အမှားဖြစ်ချင်လည်းဖြစ်မယ် ကိုယ့်လောက်မမှန်တာလည်းဖြစ်ချင်ဖြစ်မယ် သူ့လက်အောက်ကလည်းဖြစ်ချင်ဖြစ်မယ် လို့ပဲယူဆကြမှာပဲ။ အဲဒီလို အကုန်လုံးက ကိုယ့်ဟာကိုယ် အမှန်လုပ် သူများကို အမှားလုပ်နေကြမယ်ဆိုရင် အားလုံးကလည်း မတူကြဘူး တချို့တွေက တခြားစီ တချို့က ခပ်ဆင်ဆင် တချို့ကသံတူကြောင်းကွဲ. တွေမို့ အမှန်တွေက အများကြီးဖြစ်ပြီး အမှားတွေက လည်းအများကြီးပဲ။ ဘယ်သူကတကယ် အမှားလဲ ဘယ်သူကတကယ် အမှန်လဲ။ အားလုံးကလည်း ဖြေမှာပဲ ကိုယ့်ဟာက အမှန်။ ကိုယ့်ဟာအမှန်ဆိုရင် သက်သေပြ ဘာကြောင့်ကိုယ့်ဟာက မှန်သင့်တာလဲ။ ဘယ်အချက်တွေကြောင့် သူများဟာတွေက အမှားဖြစ်ပြီးတော့ ဘာတွေကြောင့် မပြည့်စုံသေးတာလဲ။ ကိုယ့်ဟာနဲ့ကိုယ်ကတော့ ကိုယ့်ဆင်ခြေလေးနဲ့ကိုယ်ပဲ မရမကမှန်နေတော့မှာလား။ ကိုယ်ထင်ကုတင်ရွှေနန်း ဆိုသလို တကယ့်နန်းတော်မဟုတ်ပဲ နန်းတော်လုပ်ထားနေကြတာလား။ ကိုယ့်ဟာအမှန်လုပ်ရင်းနဲ့ကောရန်ဖြစ်ကြဦးမှာလား.. ကိုယ့်ဟာ အမှန်လုပ်ဖို့ကော ကိုယ့်မှာလုံလောက်တဲ့ အချက်အလက်တွေ ရှိပြီလား. ကိုယ့်မှာလုံလောက်တဲ့ အချက်အလက်တွေမရှိရင်တော့ ကိုယ်က ကိုယ်ဟာလည်း အမှန်လုပ်ချင်တယ်ဆိုရင်တော့ ဘူးခံငြင်းရုံပဲရှိတော့တယ်.  အဲဒီတော့ ဘယ်သူ့ဟာမှန်တယ် ဘယ်သူ့ဟာတော့ဖြင့်မှားတယ်ဆိုပေါ်ချင်ရင်တော့ အမှားအမှန်စစ်တဲ့ စံလေးနဲ့ အကဲဖြတ်မှပဲ ပေါ်လာနိုင်တော့မှာပါ..

အမှားမှာကတော့ချွင်းချက်ရှိတယ်.. ဘာချွင်းချက်လဲဆိုတော့ သူမှာ တစ်ချို့သောနေရာမှာသုံးလို့ရပြီးတော့ တစ်ချို့နေရာမှာတော့ သူကမမှန်ဘူး..

အမှန်မှာကတော့ ချွင်းချက်မရှိ.. မှန်တယ်ဆိုရင်သူက ဘာမှမရော. မှန်တော့မှန်တယ် ဒါပေမယ့်ရောနေရင် အမှန်မဟုတ်တော့.. သူ့ကို အမှားထဲထည့်လိုက်. ဘာလို့လဲဆိုတော့ အကုန်မှန်လို့.. မှန်တယ်ဆိုရင် တစ်ဦးတစ်ယောက် အတွက်တင်မှန်တာမဟုတ် ဘယ်သူဘက်ကကြည့်ကြည့်မှန်နေရမယ်.. အမှန်ကတော့ သူကအမှန်မို့လို့ အကုန်လုံးအတွက် အမြဲတသမတ်တည်း မှန်နေမှာပဲ။ သူကအမှားကြိုက်မိလို့ အဲဒီအမှန်ကို မမှန်ဘူးလို့ယူဆတာတော့ သူ့ပြဿနာ.. အမှန်ကတော့ အမြဲမှန်နေမှာပဲ.

ကိုယ့်ယုံကြည့်မှုတွေသည် ကိုယ်က တကယ့်အမှန်ကိုသိလို့ အမှန်လုပ်ထားတာလား.. တကယ်အမှန်မသိသေးပဲ ယုံကြည်မှု သက်သက်နဲ့ ကိုယ့်ဟာအမှန်လုပ်ထားတာလား.. ဥပမာအားဖြင့် ပန်းထိမ်ဆရာမို့လို့ ပန်းထိမ်ပညာတတ်မှာပဲလို့ သူ့ပညာကိုယုံကြည်ထားတာလား.. ဒါမှမဟုတ် သူ့အရည်အချင်းကို တွေ့လို့ သူကပန်ထိမ်ပညာတတ်တယ်လို့ယုံကြည်တာလား.. ကိုယ်က သူ့အရည်အချင်းလည်းမတွေ့သေးပဲနဲ့တော့ သူပန်းထိမ်ပညာတတ်တယ်လို့ယုံကြည်တာကော နည်းနည်းမလွန်ဘူးလား.. မျက်ကန်းယုံကြည်မှုမျိုးကို ဆိုလိုသည်.. ကိုယ်တိုင်သူ့လုပ်ရည်ကိုင်ရည်ကို တွေ့မှ ကိုယ်တိုင်တွေ့လို့ ကိုယ်တိုင်ကြုံလို့ ယုံကြည်တာကမှ ခိုင်ခိုင်မာမာယုံကြည်မှုမျိုးဖြစ်မှာ. . အဲဒါမှ ကိုယ်ယုံကြည်တာက အမှန်ဖြစ်မှာ။

အမှန်ကို အမှန်တိုင်းတွေ့ပြီး အမှန်လို့ယုံကြည်မှ ကိုယ့်ယုံကြည်မှုသည် အမှန်… ဘာကြောင့်အမှား အမှန်ကို ခွဲရတာတုန်း.. ကိုယ့်ဟာနဲ့ကိုယ် မှန်နေရင်မပြီးဘူးလားလို့တော့ မေးလို့ရပါတယ်.. ဘာကြောင့်အမှားအမှန်ခွဲတာလဲဆိုတော့ အမှားလမ်းကို လိုက်သူကို အမှားလိုက်လို့ရောက်ရမယ့်နေရာကို ပို့ပြီးတော့ အမှန်က အမှန်လမ်းလိုက်သူကို အမှန်လမ်းသွားခြင်းကြောင့်ရောက်ရမယ့်နေရာကို ပို့ဆောင်ပေးတတ်လို့ သူ့ကို မကောင်းသဖြင့် မကျရောက်အောင်လို့ ကိုယ်ရွှေးချယ်တဲ့လမ်း မှန်တယ် မမှန်ဘူးဆိုတာကိုတော့ စီစစ်သင့်တယ့်.. အဲလိုမှကိုယ်က မစီစစ်ပါဘူးဆိုရင်တော့ ကိုယ်က အမှားလမ်းပေါ်လျှောက်မှန်လည်းမသိ အမှန်လမ်းကို လည်းမသိတဲ့အတွက် မကောင်းသဖြင့်ရောက်ရမယ့်နေရာရောက်မှာစိုးတဲ့အတွက် ကိုယ်အမှန်လမ်းပေါ် ရောက်နေပြီလို့ ကိုယ်တိုင်မသိမချင်း အမှန်နဲ့အမှားကို စီစိသင့်တယ်.. ကိုယ်က အမှန်ပေါ်လုံးလုံးရောက်ပြီလို့ ကိုယ်တိုင်အမှန်ကို ကြုံလို့ ကိုယ်တိုင်မြင်တော့မှ ကိုယ်က အမှားလမ်းကိုရှောင်သွားပြီလို့သိမှာ.. အဲဒီလို အမှန်ကို ကိုယ်တိုင်မကြုံမချင်း အမှားလမ်းကို  မှားတယ်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ဘူး.. အမှားကို အမှားလို့ ဆုံးဖြတ်ချက်မချနိုင်မချင်း အမှားကို မလိုက်ပါဘူးဆိုတာလဲ ဖြစ်လာမှာမဟုတ်ဘူး..အဲဒီလိုဆိုရင်လည်း အမှားလမ်းကိုလိုက်မိတဲ့အတွက် အမှားလိုက်လို့သွားရမယ့်နေရာတော့ဖြင့် သွားရ ရောက်ရတော့မှာပဲ..

ကိုယ်ကတကယ့် တကယ် အမှန်လမ်းပေါ်ရောက်မှ အမှန်လမ်းပေါ်ရောက်မှန်းသိပြီး အမှားလမ်းကို ရှောင်သွားပြီလို့သိနိုင်တော့မှာဖြစ်ပါတယ်..





အမှားနဲ့အမှန်

9 03 2010

အမှားနဲ့အမှန်ဆိုတာ တွဲပြီးသာပြောကြတယ် တကယ်တမ်းတော့ သူတို့တွေက ဓာတ်သဘော သတ္တိအရတော့ ဆန့်ကျင်ဘက်တရားတွေပဲ။ ဘယ်လိုမှပေါင်းစပ်လို့ ရတဲ့အရာမဟုတ်ဘူး။ တစ်ခုရှိနေရင် နောက်တစ်ခုကလည်းမရှိဘူး.. မီးများတဲ့နေရာမှာ ရေခမ်းခြောက်ရသလို ရေများတဲ့နေရာမှာလည်း မီးပျောက်ရတယ်.. ကျောချင်းကပ်ပြီး ဦးတည်ရာကတော့ ဆန့်ကျင်နေသလိုမျိုး နေတော့နီးနီးကပ်ကပ် သွားတော့ဆန့်ကျင်ဘက်.. အဲဒီတော့ကိုယ်က သူတို့နှစ်ယောက်ကို ခွဲခွဲခြားခြားမသိရင် အမှားကို အမှန်လုပ်ပြီး အမှန်ကို အမှားလုပ်နိုင်တယ်.. သူတို့တွေက တစ်ယောက်တစ်လမ်းစီသွားတယ်ဆိုတော့ တစ်ဖက်ကိုလိုက်သွားရင် ဘယ်တော့မှ နောက်တစ်ဖက်ကို မရောက်နိုင်တော့ဘူး ဆိုတာတော့ အသေအချာပဲ.. အမှားလမ်းကိုလိုက်သွားရင် အမှားကပို့ဆောင်ပေးတဲ့နေရာကိုရောက်ပြီးတော့ အမှန်လမ်းကိုလိုက်ရင်တော့ အမှန်လမ်းကပို့ဆောင်တဲ့ နေရာကိုရောက်ရမှာပဲ။ အမှားသည်မကောင်းသောလမ်း အမှန်သည်ကောင်းသောလမ်း… သူ့ဆိုင်ရာလမ်းကိုလိုက်ရင်ဖြင့် သူ့ဆိုင်ရာနေရာကိုတော့ မရောက်ချင်လည်း ရောက်ရမှာပဲ.. ရောက်ချင်လည်း ရောက်ရမှာပဲ. ဆုတောင်းလည်းရမှာပဲ. မဆုတောင်းလည်းရမှာပဲ..

အမှားသည် မှားနေတဲ့အတွက် အမှန်ကိုမရောက်နိုင်သလို.. မှားတာကိုပင်လျှင် မှားတယ်လို့မသိနိုင်ပဲ ထိုအမှားပင် အမှန်လုပ်နိုင်သေး၏။ ထို့ကြောင့် အမှားသည်မှားနေတာကို မှားတယ်လို့မသိအောင်လုပ်နိုင်သလို မှန်တယ်လို့လဲ သူကလုပ်နိုင်လေသည်။ ထို့ကြောင့်အမှားလမ်းကို လိုက်သောသူ၏ အဖြစ်မှာ ကိုယ်တိုင်အမှားလမ်းပေါ်လျှောက်နေတာတောင် သူ့ကိုယ်သူ မှန်တယ်လို့ ယူဆထားသောကြောင့် အမှားလမ်းကပို့ဆောင်သော နေရာကိုဖြင့် ရောက်ရတော့မည်။ ထိုသို့မရောက်သေးခင်ကာလအတောအတွင်းမှာတော့ အမှားကပို့ဆောင်သောနေရာကို မရောက်သေး အမှားလမ်းကို လိုက်ခြင်း၏ မကောင်းကျိုးကိုလည်း မမြင်မတွေ့ရသေးသောကြောင့် အမှားကိုကြောက်ပြီး အမှားကိုပြင်မယ်ဆိုတဲ့စိတ်လည်းမပေါ် … အမှားပြင်မယ့်စိတ်မပေါ်တော့လည်း အမှားပြင်မယ်ဆိုပြီးအားထုတ်မှုလည်းမလာ.. ထိုကဲ့သို့အားထုတ်မှုမရှိသောကြောင့်လည်း အမှားလမ်းကိုခေါက်ပြီး အမှန်လမ်းကိုမရောက်… အမှန်လမ်းမရောက်ဘူးဆိုတော့လည်း အမှန်လမ်းက ပို့ဆောင်တဲ့နေရာကိုလည်း မရောက်နိုင်တော့ချေ။ အမှား၏အပြစ်များသည် ကြောက်စရကောင်းလေစွ။

အမှန်သည် မှန်နေသောကြောင့် ဘယ်သူတွေဘယ်လိုပင် နာမည်တပ်စေကာမူ အမှန်သဘောကို မစွန့်.. အမြဲမှန်နေလေသည်.. မီးသည် ပူသည့်သဘောရှိသည့် အတွက် သူ့ကိုအအေးသဘောဆောင်သည့်ဘောဖြင့် အအေးကိစ္စကိုဆောင်ရွက်ခိုင်းစေကာမူ သူသည် အအေးသဘောကိုမလိုက်ရုံသာမက အပူသဘောကို မစွန့်.. ထို့ကြောင့် အမှန်ကို မည်သို့ပင် မှားသည်ဟု ပြောစေကာမူ အမှားဟူ၍သာ ပညတ်ခံရရုံသာရှိသည်.. အမှန်သဘောကတော့ စွန့်မည်မဟုတ်ပေ။ ပတ္တမြားမှန်လျှင် နွံမနစ်သကဲ့သို့တည်း…

ကျွန်တော်တို့သည် အမိဝမ်းတွင်းမှထွက်လာကတည်းက သိသင့်သိထိုက်တာတွေကို သိပြီးမှ မွေးဖွားလာသည်မဟုတ်။ မွေးလာကတည်းက ဘာမှမပါခဲ့ပေ။ တဖြည်းဖြည်းချင်း သင်ယူပြီးမှ တတ်မြောက်လာကြခြင်းသာဖြစ်သည်။ ထိုသို့ သင်ယူမတတ်မြောက်ခင် ကိုယ်သင်မည့် ပညာသည် မှားသည်မှန်သည်ဟု ခွဲခြား မသိခဲ့ကြပေ.. မိဘကဖြစ်စေ ဆရာသမားကဖြစ်စေ အမှား အမှန်ကို ခွဲခြားတတ်အောင်သင်ကြားပြသပေးမှသာလျှင် အမှားနှင့် အမှန်ကို ခွဲခြားနိုင်ပေမည်။ ထိုကဲ့သို့ သင်ကြားပြသပေးမည့်သူ မရှိပါက မည်သည်က အမှား မည်သည်ကအမှန်ကို မခွဲခြားနိုင်တော့ပေ။ ထိုကဲ့သို့ အမှားအမှန်ကို မခွဲခြားတတ်သောသူသည် မျက်စိကန်းသောသူနှင့် တူသည်။ မျက်စိကန်းသောသူသည် လမ်းကောင်း လမ်းဆိုးကို မမြင်ရသောကြောင့် လမ်းဆိုးကို ရှောင်ပြီး လမ်းကောင်းကို  မရွေးနိုင်ချေ။ ထိုသို့ လမ်းကောင်း လမ်းဆိုး မရွှေးနိုင်သောကြောင့် ထိုမျက်စိကန်းသောသူ လမ်းသွားရာတွင် လမ်းကောင်းပေါ်လည်းရောက်နိုင်သလို လမ်းဆိုးဘက်လည်းရောက်သွားနိုင်လေသည်။ လမ်းကောင်းပေါ်ရောက်လျှင်လည်း ခဏတဖြုတ်သာ ရောက်ပြီး များသောအားဖြင့် လမ်းဆိုးနဲ့သာတိုးနေပေမည်။ မျက်စိကန်းနေသောကြောင့် ဆူးပုံတွေ့လည်းနင်း မစင်ပုံလည်းနင်း ခလုတ်လည်းမရှောင်တတ် ချောက်ကမ်းပါးနှင့်တွေ့လည်း ကျဖို့သာရှိနေပေသည်။ ကန်းနေသောကြောင့် နေ၊လ၊ကြယ်တာရာတို့ အထင်အရှား ရှိနေပါလျက် မမြင်ရ မတွေ့ရချေ။ နေ၊လ၊ကြယ်တာရာတို့ကို မတွေ့ခြင်းသည် နေ လ တို့မရှိခြင်းကြောင့်မဟုတ်၊ ကန်းနေသောအဖြစ်ကြောင့် ဖြစ်သည်။ထို့ကြောင့် အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရေးသည် သွန်သင်ဆုံးမတတ်သော ဆရာသမား၏အရေးဖြစ်သည်။ ကန်းနေသောသူအား မျက်စိအရင်ကုသကဲ့သို့တည်း။ မျက်စိအလင်းရမှသာလျှင် လမ်းမှန် လမ်းမှားကို ရွှေးချယ်နိုင်ပေမည်။ ထို့ကြောင့် လမ်းမှန် လမ်းမှားမရွှေးခင် မျက်စိအလင်းရအောင်အရင်လုပ်သင့်ပေသည်။ လမ်းမှန်လမ်းမှား ရွှေးခြင်းသည် အကန်း၏အရာမဟုတ်၊ မျက်လုံးမြင်သောသူ၏အရာသာဖြစ်သည်။မျက်စိနှစ်ကွင်းအလင်းမရခင် လမ်းကိုမရွှေးပဲ မျက်လုံးမြင်မှသာ လမ်းရွှေးသင့်ပေသည်။ ထို့ကြောင့် အမှားအမှန် မရွှေးခင် အမှားအမှန် ရွှေးတတ်သော ဥာဏ်မျက်လုံး အလင်းရအောင် ဆရာသမားများအကူအညီဖြင့် အကန်းကို အရင်ကုလိုက်ရင်ဖြင့် ပညာမျက်စိ အလင်းရကာ ဒီဟာသည်အမှား ဒီဟာသည်အမှန် ဟုကိုယ်တိုင် ခွဲခြားနိုင်မည်ဖြစ်သောကြောင့် အကန်းကို အရင်ကုသသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။





ပြဿနာ

7 03 2010

ပြဿနာ၏ အဓိပ္ပါယ်ရှင်းလင်းခြင်း။ ။ပြဿနာဆိုသည်မှာ အဆင်မပြေခြင်း၊ အလိုမကျခြင်း၊ မတင့်မသင့်ဖြစ်ခြင်း၊မပြေလည်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မကောင်းတာဖြစ်ခြင်း၊ မကောင်းကျိုးပေးခြင်း စတဲ့အဓိပ္ပါယ် တွေကိုခေါ်တာပါပဲ။ မြန်မာလိုခေါ်တော့သာ ပြဿနာ အင်္ဂလိပ်လိုကျတော့ Problem. . တခြားဘာသာစကားတွေနဲ့ဆို တခြားနာမည်တွေ ဖြစ်နေဦးမှာပါပဲ။ ဘယ်လိုပဲနာမည်တွေကွဲပြားနေစေကာမူ အဓိပ္ပါယ်ကတော့ ဒီကိုပဲသက်ရောက်တာပါပဲ။ ဒီပြဿနာဆိုတဲ့နာမည်ပေါ်ပေါက်လာပြီဆိုရင်လည်း ကောင်းတာမပါ ပါဘူး။ ပြဿနာဖြစ်ပြီဟေ့ဆိုရင် ဘယ်သူမှမကြိုက်ကြပါဘူး။ အကုန်ကြောက်ကြပါတယ်.. ဘာလို့လဲဆိုတော့ သူကမကောင်းလို့ပါပဲ။ သူပေါ်လာရင်မကောင်းဘူး။ မကောင်းတာကိုပဲ သူကဆက်လုပ်တတ်လို့ ဘယ်သူမဆိုသူ့ကို အကုန်ကြောက်နေရတယ်။ သူက သူနဲ့ပက်သက်သူတွေကို ဒုက္ခရောက်အောင် ဒေါမနဿဖြစ်အောင် သူကစွမ်းဆောင်နိုင်တယ်လေ။ သူ့စွမ်းရည်ကလည်း ကြီးကြီး ငယ်ငယ် ဘယ်သူမှမချန်ဘူး သူ့ကိုမှီတဲ့သူတွေ အကုန်ဒုက္ခရောက်အောင် လုပ်နိုင်တယ်။ ကြီးတဲ့သူမှီရင် ကြီးတဲ့သူ ငယ်တဲ့သူမှီရင် ငယ်တဲ့သူ ငိုရဖို့သာပြင်ထား.. သူကပေးတော့မှာ.. ပြဿနာဆိုတာ ပုဂ္ဂိုလ်၊သတ္တ၀ါလို့ မယူပါနဲ့တဲ့၊ သူကချိုနဲ့လည်းမဟုတ်ပါဘူး.. ဒါကြောင့်သူလာတာကို မျက်စိနဲ့မမြင်နိုင်ဘူးလို့ပြောတာပါ။ သူက နေရာမရွှေး၊ အချိန်မရွှေး၊ ပုဂ္ဂိုလ်မရွှေး၊ အကြောင်းအရာမရွှေးလာနိုင်တယ်။
ပြဿနာဖြစ်ပေါ်ရခြင်းအကြောင်း။          ။ကျွန်တော်တို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်း မတူကြဘူး။ အတွေးအခေါ် အကြံအစည် ပြုမူပြောဆို လုပ်ကိုင်တာတွေကလည်း နေရာဒေသ အချိန်ကာလ အခြေနေတွေပေါ်မူတည်ပြီးတော့ အမြဲတမ်းပြောင်းလဲနေကြတယ်.. ဥာဏ်ရည်ကလည်းအဆင့်ဆင့် သူ့အလွှာနဲ့သူ။ တစ်ဦးနဲ့တစ်ဦး အချိန်ကာလ ကြာမြင့်အောင် အကြိုက်ချင်းတူညီကြဖို့ဟာက အတော်လေးခဲယဉ်းတယ်.. တူပြန်ရင်လည်း ခဏတဖြုတ်လေးပဲ..အဲဒီလိုတူနေတာတောင်မှ တခြားအကြောင်းအရာတွေက ကွဲပြားခြားနားနေသေးပြန်တယ်။ အစစ အရာရာမှာတူတယ်ဆိုတာ ရှားပါတယ်။ မရှိပါဘူး ရှိတယ်ဆိုရင်တော့ မေးခွန်းလေး နည်းနည်းပါးပါးလောက် မေးလိုက်ချင်ပါတယ်.. တကယ်ဟုတ်မဟုတ်.. အဲဒီလို တစ်ဦးနဲ့တစ်ဦး အမြင်တွေကွဲပြားခြင်း၊ အကြိုက်တွေ မတူခြင်း စတဲ့ ကွဲပြားမှုတွေက နေစတာပါပဲ။ ဘာလို့လဲဆိုတော့ နှစ်ယောက်အတူရှိကြတယ်ဆိုရင် တစ်ယောက်က အအေးကြိုက်တယ်. တစ်ယောက်ကအပူကြိုက်တယ် အဲဒီလို ကွဲပြားနေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကြိုက်တာကမှ မှန်တယ်ဆိုရင် အဲဒီနှစ်ယောက်မှာ ပြဿနာစတော့တာပါပဲ။ ပူတာမှကောင်းတာကွ.. အေးတာမှကောင်းတာကွနဲ့ စသဖြင့် ကိုယ့်အကြိုက်ကို ဦးစားပေးပြီး ပြိုင်ဆိုင်နေကြမယ်ဆိုရင် သူတို့နှစ်ယောက်အတွက်က မာနတွေ၊ ဒိဋ္ဌိတွေနဲ့ ပြိုင်ဆိုင်လိုက်ကြရင်ဖြင့် ပြဿနာဆိုတဲ့နာမည် သူတို့နှစ်ဦးကြားမှာ ပေါ်ပေါက်လာရတာပဲ။ ရေတစ်ဝက်ရှိတဲ့ရေခွက်တစ်ခွက်ကို တစ်ယောက်က တစ်ဝက်ပဲရှိတယ်လို့မြင်တယ်. တစ်ယောက်ကတော့ တစ်ဝက်ပြည့်နေတယ်လို့မြင်တယ်. ဘာလို့အမြင်တွေကွဲနေတာလဲ.. နှစ်ယောက်လုံးလဲမှန်နေတာပဲ. နာမည်တပ်လိုက်တာချင်း တွေးခေါ်ယူဆလိုက်တာချင်းကျမှ လာကွဲနေတယ်.. အဲဒီလိုကွဲနေတာနဲ့လောက်တင် ပြဿနာက မလာသေးပါဘူး.. ဘယ်ဘက်ကကြည့်ကြည့် မှန်နေလို့ပါပဲ။ ပြဿနာကဘယ်ကနေစလဲဆိုတော့ ငါမြင်တာကမှမှန်တာ ဆိုရင်တော့ စပြီ။ အဲဒီကစတာ။ ကိုယ့်အမြင် ကိုယ့်အကြိုက်ကမှ မှန်တာဆိုရင် သူများအမြင်ကမှားရတော့မယ်.. နှစ်ယောက်စလုံးအဲလို ယူလိုက်လို့ရှိရင် သူတို့နှစ်ယောက်ကြား တစ်ဦးနဲ့တစ်ဦး ညှိလို့မရနိုင်ခြင်း နားလည်မှု မပေးနိုင်ခြင်းက စပြီးပြဿနာပေါ်ပေါက်လာရတာပါပဲ။ နှစ်ဖက်လုံးကနေဖြစ်စေ တစ်ဖက်ကနေဖြစ်စေ သူမြင်တာလဲဟုတ်တာပဲ လို့ ညှိပေးလိုက်ရင်တော့ ပြဿနာဆိုတာ ပေါ်ခွင့်ကိုမရတော့ပါဘူး။ ဘယ်သူမဆို ကိုယ်ဥာဏ်မှီသလောက်ပဲ ကိုယ်တွေးနိုင်ကြတာပါ။ အဲဒီထက်ကျော်လွန်ပြီး မစွမ်းကြပါဘူး။ ဥပမာပြပါဦးမယ်.. အခုကျွန်တော်က ဒီအကြောင်းကိုရေးတော့ စာဖတ်သူတွေက …. ဟာကွာမဟုတ်သေးပါဘူး မင်းထင်မြင်ယူဆချက်တွေက လိုပါသေးတယ်လို့ သဘောမကျ လို့ လက်မခံနိုင်လို့ စောတကတက်လာမယ်ဆိုရင်.. တစ်ဖက်ကတော့စပြီ။ ကျွန်တော်ကလည်း ကျွန်တော်အမြင်ကမှမှန်တယ်လို့ယူဆထားရင်.. ပြန်လည်ရှင်းပြတဲ့ သဘောမျိုးမဟုတ်ပဲ ငြင်းခုန်တဲ့သဘောမျိုးထွက်လာခဲ့ရင်တော့ ကျွန်တော့ဖက်ကတစ်ဖက် နဲ့ စာဖတ်သူနဲ့ ချိတ်ပြီးတော့ ပြဿနာဆိုတာ စတော့မှာပါပဲ။ ကျွန်တော်တို့ကလေးဘ၀တုန်းက အမေက ညီအစ်ကိုချင်းရန်ဖြစ်တော့ အမြဲဆုံးမလေ့ရှိတယ်.. ချိတ် ချိတ် ချင်းမှချိတ်တာတဲ့.. ဟုတ်ပါတယ်.. တစ်ဖက်က အဖြောင့် တစ်ဖက်က အကောက်ဆိုရင် ဘယ်လိုမှမချိတ်ပါဘူး.. မယုံရင် လက်ညှိးနှစ်ချောင်းကွေးထား ပြီးတော့ ချိတ်ကြည့်.. ချိတ်ရာကနေ တစ်ဖက်ကို ဖြောင့်လိုက်.. ချိတ်နေသေးလားလို့.. တခြားတစ်ဖက်ကိုတော့ လှည့်မသွားနဲ့ပေါ့.. တခါတခါကျတော့ ဥပမာနဲ့ ဥပမေယျက အကုန်မညှီလို့ ဆိုလိုရင်းကိုသာတွေးပါ.. အတွန့်တက်နိုင်တဲ့သူများအတွက် ရှင်းတာပါ. စာဖတ်သူတို့ဖက်ကနေ ချိတ်တစ်ဖက်မဖြစ်အောင်လို့ပါ.. တစ်ကယ်လို့ စာဖတ်သူတွေကလည်း ကျွန်တော့်ကို သူ့အမြင်ကတော့ ဒီလောက်ပဲလို့ ဒီလောက်ပဲရမှာပေါ့လို့ ဖြောင့်ပေးထားရင် တစ်ဖက်ကဖြောင့်နေတဲ့အတွက် ကျွန်တော့်ဖက်ကကောက်တောင် မချိတ်တော့ပါဘူး.. တစ်ဦးနဲ့တစ်ဦး အကြိုက်မတူလို့ မမြင်မတူလို့ နှစ်ဖက်လုံး ချိတ်ဖြစ်နေကြမယ်ဆိုရင်.. အကြိုက်ချင်းမတူတာတွေက အများကြီး အမြင်ချင်းမတူတာတွေက အများကြီး.. အဲဒီတော့ ပြဿနာတွေကလည်း အများကြီးပဲပေါ့.. ကိုယ်ကနေပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က အယောက်တိုင်းကို လိုက်ကြည့် ကိုယ်သဘောမကျတဲ့ အချက်လေးတွေက အယောက်တိုင်းလိုလိုမှာရှိနေတယ်.. အဲဒီတော့ တစ်ဖက်ကတော့ ချိတ်အသင့်ပဲ.. နောက်တစ်ဖက်က ချိတ်ဖြစ်ပြီဆိုရင်တော့ ချိတ်တော့တာပဲ.. နောက်ဆုံး ကိုယ်တစ်ယောက်ထဲတောင် ကိုယ့်ဟာနဲ့ကိုယ် ပြဿနာဖြစ်နေသေးတယ်.. ဘယ်လိုလဲဆိုတော့ ကိုယ်ကပစ္စည်းတစ်ခုကို ကောင်းမယ်ထင်လို့ ၀ယ်လာတာ အိမ်ရောက်တော့ မကြိုက်တော့ဘူး.. ငါ ဘာလို့ ဒီလိုဟာမျိုးဝယ်လာတာလဲ ငါတော်တော်တုံးတဲ့အကောင်ပါလား ဆိုပြီး ကိုယ့်ဟာနဲ့ကိုယ်တောင်မှ အစက သဘောကျလိုက် နောက်တော့ သဘောမကျလိုက် နဲ့ တစ်ယောက်တည်းပြဿနာဖြစ်နေတာပဲ.. အစားအသောက်ကို ကြိုက်တုန်းကတော့ တဖြဲနဖြဲစား စားပြီးတော့မှ ရောဂါထလာတော့မှ ဒီလောက်ငတ်ကြီးထတာ ဖြစ်တာတောင်နည်းသေးတယ် စသဖြင့် တစ်ကိုယ်ကနေ နှစ်ကိုယ်လုပ်ပြီးတော့ ရန်တွေဖြစ်နေသေးတာပဲ.. အဲဒီလို ကိုယ့်ဟာနဲ့ကိုယ်တောင် မတဲ့တာ သူများတွေနဲ့ဆိုတော့ သည်းခံမှုက အတော်လေး နည်းသွားပြီပေါ့။ ငါကတော်တော်သည်းခံနိုင်တာ. ဒါပေမယ့် မဟုတ်ရင်တော့မခံဘူးဟေ့ ဆိုတဲ့ သူတွေကလဲတော် တော်များတယ်.. မဟုတ်မခံလူစားမျိုးလေ… သည်းခံတယ်ဆိုတာကလည်း မဟုတ်တာကိုပဲ သည်းခံရတာ.. ဟုတ်နေရင် ဘာသည်းခံနေစရာလိုသေးလဲ.. သည်းခံပါတယ်ဆိုမှ.. အဲဒီတော့ ဒီပြဿနာဆိုတာက ဘယ်ကနေ ပေါ်လာတာလဲဆိုတော့ တစ်ဦးကို တစ်ဦးက နားလည်မပေးတော့ပါဘူးဆိုရင် ဖြစ်တာပဲ.. ချိတ် ချိတ် ချင်းချိတ်တာပဲ..
ပြဿနာဖြေရှင်းခြင်း။          ။တစ်ဖက် ဖက် ကနေ ပြီးတော့ နားလည်ပေးထားရင်တော့ တစ်ဖက်ဖြောင့်နေတဲ့အတွက် မချိတ်နိုင်တော့ပါဘူး.. ကိုယ်လည်း သူ့လိုခံစားချက်မျိုး သူ့နေရာမှာဆိုရင်သူ့လိုပါပဲလို့ သူ့ကိုနားလည်ပေးထားရင် သူ့ကိုမြင်တဲ့အပြစ်က နည်းသွားပါတယ်.. ကိုယ့်ခံစားချက်နဲ့ သူ့နေရာကို ပြောတာမဟုတ်ပါဘူး.. သူ့နေရာနဲ့ သူ့ခံစားချက်ကို ပြောတာပါ.. အဲဒီလို သူများကိုကော ကိုယ့်ကိုယ်ကို ပါ နားလည်မှုပေးတယ်လို့ပဲပြောပြော Positive အမြင်လို့ပဲပြောပြော အဲဒီလိုလုပ်နိုင်တယ်ဆိုရင် လည်း ပြဿနာက နည်းသွားမှာပါ။ ဒါကတစ်နည်းပါ။ နောက်တနည်းက ကိုယ့်ကိုယ်ကို မတဲ့ဘူးဆိုတာက ခန္ဓာငါးပါးကို ငါ လို့စွဲထားတဲ့ ဒိဋ္ဌိလက်ချက်ကြောင့် ငါနဲ့ငါက ယှဉ်ဖက်ဖြစ်ပြီးတော့ ရန်ဖြစ်တော့တာပဲ.. အဲဒီဒိဋ္ဌိက ခန္ဓာငါးပါးကို ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါလို့ယူထားတဲ့အတွက် ငါ့ထိရင်မခံဘူးဆိုတာဖြစ်လာတာပဲ.. ငါဆိုတာကလည်း သူတော်ကောင်းတရားမနာဘူးလို့ရှိရင် ကိုယ့်သဏ္ဌာန်မှာက အထင်အရှားရှိနေတာ… တကယ်လို့ ကိုယ်က သူတော်ကောင်းတရားနာကြားရလို့ ရုပ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်လာတာ.. နာမ်ဆိုတာကလည်း အာရုံနဲ့ဒွါရ တိုက်လို့ဖြစ်လာရတာ.. ငါဆိုတာ ဘယ်နေရာမှ နာမည်တပ်လို့မရပါလားလို့သိလာတဲ့ အချိန်ကျမှ ငါဆိုတာလည်းမရှိ.. ငါဆိုတာလည်းရှိတော့ ငါနဲ့ငါလည်း ရန်ဖြစ်စရာမလို.. ငါနဲ့ငါလည်းရန်မဖြစ်တော့ သူတပါးနဲ့လည်း ငါနဲ့ပတ်သက်ပြီးတော့ ရန်ဖြစ်စရာရှိ တော့မှာမဟုတ်ပါဘူး.. ဒါဆို ပြဿနာဆိုတာက နာမည်သာကျန်ခဲ့ပြီး အကောင်အထည်ကတော့ ပျောက်သွားတော့မှာပါ။ အဲဒီတော့ ဒီပြဿနာတွေပျောက်သွားအောင် နောင်မှာလည်း မပေါ်လာရအောင် အကြောင်းတိုက်ဆိုင်လို့ပေါ်လာတိုင်း ပေါ်လာတာက ရုပ်ပဲ နာမ်ပဲလို့ အကြောင်းအကျိုးနဲ့တကွ လိုက်သိနိုင်ရင် ဒိဋ္ဌိက အသိနဲ့ပြုတ်နေပြီးတော့ ပြဿနာဆိုတာ ကိုယ်နဲ့မဆိုင်တော့ပါဘူး…
ပြဿနာမှကင်းလွတ်ခြင်း။          ။အဲဒီလို လိုက်မှတ်နိုင်တာကနေ တဆင့်တက်ပြီးတော့ ပေါ်တုန်းကတော့သူက ရုပ်ပဲ .. တကယ်တမ်းလိုက်ကြည့်လိုက်တော့ သူက အနိစ္စဖြစ်နေတယ်.. နောက် ရုပ်ပဲကြည့်ကြည့် နာမ်ပဲကြည့်ကြည့် ရုပ်ပဲ နာမ်ပဲလို့ မတွေ့တော့ပဲ သူက အနိစ္စပဲလို့ မြင်နေခဲ့ရင် အဲဒီ အနိစ္စလို့မြင်နေတဲ့ အချိန်မှာ အနိစ္စလက္ခဏဥာဏ်ဝင်နေလို့ ဒိဋ္ဌိက အပွားနဲ့ပြုတ်နေပြီ။ အဲဒီလို အနိစ္စတွေကြီးမြင်နေလို့ ဒီအနိစ္စတွေကို မုန်းလို့ မကြိုက်တော့ပါဘူးဆိုရင် အနိစ္စမြင်တဲ့ဥာဏ်ကနေ နိစ္စဆိုတဲ့ နိဗ္ဗာန်ကို မြင်တဲ့ဥာဏ်ဖြစ်သွားပါလိမ့်မယ်.. အဲဒီ နိစ္စနိဗ္ဗာန်မြင်တဲ့အချိန်ကျတော့မှ ဒိဋ္ဌိက အပါယ်နဲ့ပြုတ်သွားလို့ ကိုယ့်သဏ္ဌာန်မှာ ဒိဋ္ဌိ နောက်ထပ်ပေါ်ခွင့်မရတော့ပါဘူး.. အဲဒီငါလို့စွဲထားတဲ့ ဒိဋ္ဌိမရှိတော့တဲ့အတွက် ငါနဲ့ငါလည်း ယှဉ်စရာကလုံးလုံးမရှိတော့… သူတပါးနဲ့လည်းယှဉ်စရာမရှိတော့ လို့ တစ်ဖက်ချိတ်ပြတ်သွားလို့ ပြဿနာဆိုတာလည်း ကိုယ့်သဏ္ဌာန်မှာ လုံးလုံးကင်းသွားပါပြီ။ သူများဖက်ကမကင်းတာကတော့ သူတို့နဲ့ပဲဆိုင်တယ်. ကိုယ်နဲ့မဆိုင်ဘူး…
အဲဒီလို ပြဿနာကင်းတဲ့ အခြေအနေမျိုးရောက်အောင် တဖက်ချိတ်ပြတ်တဲ့အလုပ်ဖြစ်တဲ့ ဒိဋ္ဌိပြုတ်တဲ့အလုပ်ကို လုပ်ကြပါလို့ စေတနာရှေ့ထား တိုက်တွန်းလိုက်ရပါတယ်…





စွန့်လွှတ်ခြင်းနဲ့ ရယူမယ်

27 02 2010

ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြပါ… ဘ၀တစ်ခုရလာတယ်ဆိုတာ ဘာတွေရလာတာလဲလို့.. တစ်ဦးနဲ့တစ်ဦး ရလာတဲ့ ဘ၀ပုံစံခြင်းကွာခြားတာကို မြင်ကြမှာပါ.. တစ်ချို့က ပစ္စည်းဥစ္စာချမ်းသာတယ်.တစ်ချို့က ဆင်းရဲတယ်.. တစ်ချို့က ရုပ်ချောတယ်..တစ်ချို့က ရုပ်ဆိုးတယ်.. စသဖြင့် အများကြီးပဲ မတူညီကြ ကွဲပြားခြားနားကြတယ်.. ကွာခြားတယ်ဆိုကတည်းကလဲ တစ်ဦးတစ်ယောက်တွက်တော့ မှန်နေပေမယ့် အများတွက်တော့ မမှန်တော့ဘူးလေ.. တစ်ဦးတစ်ယောက်အတွက်ပဲမှန်ပြီး အများအတွက် မမှန်တော့ဘူးဆိုကတည်းကလည်း အမှန်အစစ်မဟုတ်နိုင်တော့.. သူများအနေနဲ့ယှဉ်ကြည့်ရင်မတူလို့ တကယ့်အမှန်အစစ် မဟုတ်တာတော့သေချာနေပြီ.. အဲဒီမှာ တစ်ယောက်နဲ့တစ်ယောက်မှာ တူညီတဲ့ အချက်တော့ရှိကြတယ်.. ပုဂ္ဂိုလ်၊သတ္တ၀ါမရွှေး၊ လူမျိုးမရွှေး၊ ဘာသာမရွှေး၊ နေရာဒေသမရွှေး၊ အချိန်ကာလအားဖြင့်လည်းမရွှေး၊ အဲဒီလိုဘာမှမရွှေးပဲ သတ္တ၀ါတွေမှာ ဘ၀ရလာပြီဆိုရင် တူညီတဲ့အချက်ကတော့ ဇာတိ၊ ဇရာ၊ မရဏ ပါပဲ.. ဘယ်သူပဲဖြစ်ဖြစ် ဘ၀စရင် ဇာတိကပဲ စရတယ်.. အပယ်(၄)ဘုံ၊ လူ(၁)ဘုံ၊    နတ်(၆)ဘုံ၊ ဗြဟ္မာ(၂၀)ဘုံ အားလုံးပေါင်း ၃၁ ဘုံ ကုန်ပြီ… ဘယ်ဘုံမှာပဲရ ရ ဇာတိက စရတာပဲ.. အဲဒီတော့ ဘယ်သူ့ကိုပဲ ကြည့်ကြည့် တူညီကြတာကတော့ ဇာတိ ဇရာ မရဏပါပဲ.. ဇာတိ ဇရာ မရဏ ဆိုတာကတဲ့ သူတို့က ဒုက္ခသစ္စာတဲ့.. မယုံရင်ရွတ်ကြည့်လိုက် ဓမ္မာစင်္ကြာ.. ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံမ္ပိ ဒုက္ခံ.. အဲဒီလိုလာတာကတစ်ကြောင်း ကိုယ့်မှာကလဲ အဲသလို ဖြစ်နေတာပါကြည့်ခြင်းအားဖြင့် ကိုယ်ရထားတဲ့ ဘ၀က ဇာတိ ဇရာ မရဏဆိုတဲ့ ဒုက္ခသစ္စာကြီးပဲဆိုတာပေါ်လာပြီ.. ဘာကြောင့်ဒုက္ခက သစ္စာနဲ့တွဲရသလဲဆိုတာကို နည်းနည်းလေး ရေးလိုက်မယ်.. အခု ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက် ဇာတိ၊ ဇရာ၊ မရဏ ထဲက ကိုယ်ကဘယ်အထဲရောက်နေသလဲ ဆိုတာကို.. အခုကျွန်တော်တို့က ဇာတိက လွန်ခဲ့ပြီး ဇရာထဲရောက်နေကြပြီ.. ဇရာဆိုတာ ဟိုအိုမင်းမစွမ်းမှ ရောက်တယ်လို့မယူလိုက်နဲ့.. အဲဒါက ဇရာက နိုင်လို့ထောင်းသွားတာ.. ဇရာဆိုတာ အိုတာကိုဆိုတာနော်..မေ့နေမှာစိုးလို့…. J အဲဒီဇရာကိုဘာလို့ ဒုက္ခလို့ပြောရတာလဲဆိုတော့ အိုတာဘယ်သူကြိုက်လဲ.. ကြိုက်တဲ့သူများရှိသေးလားမသိဘူး. ရှိတယ်ဆိုရင်တော့ မေးခွန်းလေးနည်းနည်းမေးမလို့ပါ.. ရှိမယ်တော့မထင်ပါဘူး.. ဘာလို့လဲဆိုတော့ မအိုချင်လို့ပဲ ရုပ်ပျိုဆေးတွေစားရတယ် ဆံပင်လေးနည်းနည်းဖြူလာရင် ဆေးဆိုးရတယ်.. မျက်နှာပေါ်မှာအတွန့်အရာတွေမရှိအောင်လို့ ခေတ်မှစက်ကိရိယာတွေနဲ့ လုပ်တယ်.. အစာလေးတစ်ခုကို အဲဒါစားရင် ရုပ်ရင့်တယ်ဆိုရင်ပဲ နောက်ဆိုရှောင်ပြီ မစားတော့ဘူး.. အသက်မေးရင်တောင်မှ how old are you လို့မသုံးချင်ကြဘူး. How young တဲ့.. အိုတာကို တော်လှန်ချင်တဲ့သဘောလေ.. အဲဒါတွေက ဘာလို့ဖြစ်ရတာလဲဆိုတော့ အိုတာကို မကြိုက်ကြလို့ဆိုတာတော့ ပေါ်လာပြီ.. မကြိုက်ဘူးဆိုမှတော့ ဒုက္ခပေါ့.. ဒါတောင်မှ ဘယ်သူတွေက ဘယ်လိုအိုခြင်းတရားတွေကို တော်လှန်နေကြသလဲဆိုတာတော့ မပြောတတ်ပါဘူး.. နီးစပ်ရာပဲ သတိထားကြည့်လိုက်ြက …နောက်တစ်ချက် ဇရာဆိုတာက ကိုယ့်ကို အိုအောင် ရင့်အောင် အမြဲတမ်းလောင်ကျွမ်းနေတာ.. အဲဒါကြောင့်မို့လို့ တဖြည်းဖြည်း ကိုယ်က ရင့်ရော်အိုမင်းတဲ့ဆီရောက်ရောက်လာတာ.. အခုဆို ကိုယ့်ကိုယ်ကို ကြည့်လိုက် ငယ်ငယ်ကလို အသားအရေတွေရှိသေးလားလို့..ဒီထက်ကြီးသွားရင်ဒီထက်ပိုဆိုးမယ်.. ကိုယ်ကလဲ မအိုချင် သူကလဲအိုအောင် လုပ်ဖို့ကသူ့တာဝန်ဆိုတော့ ဘယ်သူလာတားတားမရဘူး.. အိုထက်မကအို ရင့်ထက်မကရင့်အောင်လုပ်ပြီးတော့ သူက သေရာကိုပို့လိုက်တာပဲ.. အဲဒီတော့ ဇရာဆိုတာက ဘာလဲဆိုတော့ ကိုယ့်ကို အိုအောင်လုပ်ပြီး သေရာကိုပို့နေတာပါလားလို့..အိုတုံးကလဲမကောင်းဘူး. အိုစရာကုန်ပြန်တော့လဲ သူကသေရာလက်အပ်သွားတာပဲ.. ကိုယ့်ကိုကောင်းကျိုးပြုသွားတာ တစ်ခုမှမရှိဘူး.. အိုနေတုန်းကလည်း ကိုယ်ကအိုနေလို့ မနည်းပြုပြင်နေကြရတယ်.. ပြုပြင်ရင်းတန်းလန်းနဲ့လည်း အိုရာ က သွားနေတုန်းပါပဲ.. အိပ်နေတုန်းလဲ ကိုယ်ကသာအိပ်နေတယ်.သူကမအိပ်ဘူး. အိုသထက်အိုအောင်လုပ်နေတယ်.. အဲဒီအိုမှုဆိုတဲ့ ဇရာကြောင့် သေမှုဆိုတဲ့ မရဏရောက်ရတယ်.. သေတယ်လို့ပြောတာ.. အိုတုန်းကလဲ ဒုက္ခ. . သေပြန်တော့လဲ ဒုက္ခ… ဘာကြောင့်. အဲဒီဒုက္ခတွေက အမှန်ဖြစ်ရတာလဲဆိုတော့.. သူကတစ်ဦးတစ်ယောက်အတွက်ပဲ မှန်တာမဟုတ်ပဲ အများအတွက်ပါမှန်နေလို့ သူ့ကိုသစ္စာဖွဲ့ထိုက်တာပါ … အခု ကျွန်တော်တို့က ဇရာဒုက္ခနဲ့နေ နေကြပြီး မရဏဒုက္ခှဆီကို အရောက်သွားနေကြတယ်ဆိုရင် ငြင်းမရပါဘူး… သေဆုံးတယ် ပျက်စီးတယ်.. ဆုံးရှုးတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတွေမဟုတ်ပါဘူး.. သေတယ် ပျက်စီးတယ် ဆိုရင်ဘယ်သူမှ မကြိုက်ပါဘူး.. ပစ္စည်းတစ်ခုသွားဝယ်လို့ ရောင်းသူက ပျက်တတ်တယ်လို့ပြောပြီးရောင်းရင် ဘယ်သူမှဝယ်ချင်မှာမဟုတ်ပါဘူး. ဘာလို့လဲဆိုတော့ ပျက်တာကို မကြိုက်ကြလို့ပါပဲ.. မပျက်ခင်တော့လဲ မပျက်အောင်ထိန်းသိမ်းရတဲ့ဒုက္ခ ပျက်တော့လဲ ဆုံးရှုံးရတဲ့ဒုက္ခ.. ဘာမှမလွတ်ပါဘူး .ဒါကြောင့်အိုတုန်းလဲ ဒုက္ခသစ္စာ.. သေတော့လဲ ဒုက္ခသစ္စာ.. ဒါတွေကဘယ်မှာရှိနေတာလဲဆိုတော့ ကိုယ့်ခန္ဓာမှာရှိနေတာလေ.. ကိုယ့်ခန္ဓာကလည်း နေတုန်းက အိုဒုက္ခ သေပြန်တော့ သေဒုက္ခ.. သူများခန္ဓာကြည့်ပြန်တော့လဲ. အတူတူပဲ.. ဘယ်ခန္ဓာကြည့်ကြည့် နေတုန်းက အိုဒုက္ခ သေတော့ သေဒုက္ခ.. အဲဒါကြောင့် အသက်ရှင်စဉ် ကာလက ဇရာဒုက္ခသစ္စာ.. အသက်သေတော့ မရဏဒုက္ခသစ္စာ.. ဆိုတော့ကာ အသက်ရှင်နေတဲ့ သတ္တ၀ါတိုင်းက ဇရာဒုက္ခသစ္စာ ကနေ မရဏဒုက္ခသစ္စာ ဆိုကို အရောက်သွားနေကြတဲ့သူချည်းပဲ…

အဲဒီ ဇရာနဲ့ မရဏက ဘယ်ကနေလာသလဲဆိုတော့ ဇာတိဆိုတဲ့ အစ ရှိခဲ့လို့ သူတို့က အဆုံးဆီကို လျှောက်နေရတာ.. အဲဒီတော့ ဇရာနဲ့ မရဏကိုလုပ်ပေးတာဘယ်သူလဲဆိုတော့. ဇာတိကထွက်လာတာပဲ.. ဇာတိကလုပ်ပေးတာပဲ.. မွေးဖွားမှုမရှိခဲ့ရင် မွေးဖွားခြင်းရဲ့ အကျိုးဒုက္ခကို ခံစရာမရှိတော့ဘူး.. မွေးဖွားခြင်းဇာတိ သာလျှင် ဇရာမရဏတို့ရဲ့ အဓိက လက်သည်ဖြစ်နေတာပဲ.. ဒါဆိုရင် မွေးဖွားလာခြင်းကပဲ အပြစ်ဖြစ်နေပြီ..ဒါဆိုသူက ဘာလို့မွေးလာတာလဲလို့သူ့ကို အပြစ်တင်လိုက်..ဇာတိကို. မမွေးဖွားလို့ကောမရဘူးလား. သူရှိလာပြန်ရင်လည်း ဟိုနှစ်ကောင်က လိုက်လာဦးမယ်လေ..ဇရာနဲ့မရဏ.. အဲဒီလိုသူ့ကိုအပြစ်တင်လိုက်ရင် သူက ပြန်ပြောပါလိမ့်မယ်.. ကျွန်တောက်က မွေးဖွားချင်လို့မွေးဖွားရတာမဟုတ်ပါဘူးတဲ့ မွေးဖွားစေတတ်တဲ့ ကံကြောင့် ဇာတိဖြစ်လာတာပါတဲ့.. အဲဒီတော့ ဇာတိက ဒီနေမှာ သူကအကျိုးတရာဖြစ်လားပြီး ကံကအကြောင်းတရားဖြစ်လားပြီ.. ဇာတိကြောင့် ဇရာမရဏပေါ်လို့ ဇာတိက အကြောင်း ဇရာမရဏက အကျိုး.. အခုက ကံကအကြောင်း ဖြစ်ပြီးတော့ ဇာတိကအကျိုးဖြစ်လာတယ်.. ဘာလို့ကံက ဇာတိရဲ့ အကြောင်းဖြစ်တာလဲဆိုတော့. လူဖြစ်စေတဲ့ ကံမရှိရင် လူဆိုတဲ့ဇာတိ မပေါ်နိုင်ပါဘူး. အဲဒီလိုပဲ အပါယ်ရောက်စေတဲ့ကံက အပါယ်ဇာတိကို ကျေးဇူးပြုတာပဲ..နတ်ဖြစ်စေတဲ့ကံက နတ်ဇာတိကို ဖြစ်စေတာပဲ..ဒါကြောင့်ကံက အကြောင်း ဇာတိကအကျိုး.. ကံကြောင့်ဇာတိပေါ်တယ်လို့ ဆိုလိုတာလေ..

ကံဆိုတာက ကာယကံ၊ ၀စီကံ၊ မနောကံ ကိုပြောတာပါပဲ. မကောင်းမှုကိုလုပ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံက အပါယ်ဇာတိကို ဖြစ်စေသလို. ကောင်းမှုလုပ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ က လူနတ်ဆိုတဲ့ ဇာတိကိုဖြစ်စေတာပဲ… နောက်.သမထ ဈာန်တွေရအောင်လုပ်တဲ့ကံတွေကလည်း ဗြဟ္မာဇာတိကိုဖြစ်စေတာပဲ.. အဲဒါတွေကို ထောက်ခြင်းအားဖြင့် ကံကြောင့်ဇာတိတွေပေါ်တယ်ဆိုတာ ထင်ရှားလာပါပြီ..

အဲဒီကံကလည်းပေါ်ချင်တိုင်းပေါ်ရတာလားဆိုတော့ သူကပေါ်ချင်တိုင်းပေါ်တာမဟုတ်ပါဘူး.. စွဲလန်းမှုဥပါဒါန်ကြောင့် ပြုလုပ်အားထုတ်မှုဆိုတဲ့ ကံတွေပေါ်လာရတာပါပဲ.. ဘာကြောင့်မို့စွဲလန်းမှုကနေ ကံတွေမြောက်ကုန်တာလဲဆိုတော့ ဥပမာ..ကျွန်တော်တို့တွေ တစ်ဦးတစ်ယောက်ကို စွဲလန်းတယ် တစ်စုံတခုကို စွဲလန်းတယ်ဆိုရင် သူတို့နဲ့ပက်သက်လို့ အလိုကျရင် ၀မ်းမြောက်တယ်. အလိုမကျရင် ၀မ်းနည်းတယ် ဒေါသထွက်တယ်. ဆိုတဲ့ ၀မ်းသာဝမ်းနည်း တွေကို ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့ တုန့်ပြန်ကြတော့ ကံတွေက မြောက်ပြီပေါ့.. အင်း.ဒါကြောင့်မို့လို့ ကံကလည်း ဥပါဒါန်ရဲ့ အပြုခံဖြစ်သွားတယ်. ဥပါဒါန်က အကြောင်း ကံကအကျိုး… ဥပါဒါန်ကြောင့် ကံမြောက်သွားတာကိုး..

ကဲလိုက်လက်စနဲ့ ဆက်ပြီး ဥပါဒါန်ကိုပါ လက်သည်ရှာကြည့်လိုက်ရအောင်.. ဥပါဒါန်ကဘယ်ကလာတာလဲ.. ဘာကြောင့် ဥပါဒါန်ဖြစ်ရတာလဲဆိုတော့. သူက တဏှာဆိုတဲ့လိုချင်တပ်မက်မှု လောဘကလာရတာပဲ.. လောဘဆိုတာက လိုချင်တာ နှစ်သက်တာ.. ဥပမာ မစားဖူးတဲ့အစားအစာတစ်ခုကို စားကြည့်လိုက်လို့ ကိုယ်ကကြိုက်သွားပြီဆိုရင် နောက်လဲထပ်ထပ်ပြီးစားချင်တဲ့ မစားရမနေနိုင်အောင်ဖြစ်လာတဲ့ ဥပါဒါန်ဖြစ်တော့တာပဲ.. ဥပါဒါန်ဆိုတာ တဏှာအားကြီးလာတာကိုပြောတာပါ.. နှစ်သက်မှုအားကြီးလာတာ.. မရမနေနိုင်အောင်ဖြစ်လာတာ.. ကိုယ့်မှာကလည်း နှစ်သက်စရာတွေကလည်း အတော်များသား.. ကိုယ့်ခန္ဓာကအစ သူများခန္ဓာ အပါအ၀င် ပစ္စည်းပစ္စယ အသုံးအဆောင်တွေပါမကျန်. ရှေဘ၀ နောက်ဘ၀တွေပါ အကုန်လုံးကို လိုက်ပြီးတော့ တွယ်တာထားတာပဲ.. ပထမတော့ နှစ်သက်ရုံလေးပဲ နောက်တော့ စွဲလိုက်ပြီ.. သူ့ကိုမရရင်ပဲ ရူးတော့မှာလိုလို သတ်ပဲသေတော့မလိုလို. . နှစ်သက်မှုကနေ အခြေခံသွားတာ စွဲလန်းမှုကိုရောက်ပြီးတော့ ကံတွေမြောက်ကုန်တော့တာပါပဲ.. တဏှာနဲ့ဥပါဒါန်ကလည်း နှစ်သက်လိုက် စွဲလိုက်. နှစ်သက်လိုက်စွဲလိုက်နဲ့.. သူတို့ကမြင်မြင်သမျှလိုက်စွဲတော့တာပဲ.. ဆံပင်တစ်ချောင်းကျွတ်ရင်ကိုပဲ မကြိုက်ချင်ဘူး.. ကြီးကြီးမားမားကစ သေးသေးမွားမွားပါမကျန် ဘာမှမချန်ချင်ဘူး..ကိုယ့်ကိုယ်ကို လည်းချစ်လိုက်တာလွန်ရော. ခြင်ကလေး ယင်ကလေးတောင် သန်းလို့မရဘူး.. ကိုယ့်ပေါ်တက်လျှောက်တဲ့ပုရွှက်ဆိတ်တောင်မှ အသက်နဲ့လှဲလိုက်ရတယ်.သူကသာ အသက်နဲ့လှဲလိုက်ရတယ် ကိုယ်ကကံမြောက်သွားပြီ.. သိမ်းပိုက်ထားတာကလည်း အကုန် ဘာမှမစွန့်ချင်ဘူး.. နောက်ဆုံး ဖိနပ်စုပ်တောင် ပစ်ချင်ကြတာမဟုတ်ဘူး.. ဖိနပ်က ပျက်သာပျက်သွားတာတဲ့ ပစ်ရမှာတော့ နှမြောတယ်တဲ့.. ဘယ်သူကပေးထားလို့ ဘာအထိမ်းအမှတ်မို့နဲ့ကုတ်ကပ်ပြီးသိမ်းထားချင်ကြသေးတယ်..အသုံးလဲမ၀င်တော့ဘူး ပစ်ဆိုတော့လဲ မပစ်ရက်.. အင်း..ဒါကြောင့်သူတို့တွေက ဆင်ဖြစ်သော်လည်းတစ်ကျွန်းတည်း.. ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း.. စွယ်တော်ဖြစ်တောင် တစ်ရွက်တည်း..လုပ်ကြတာ..ရှိပါသေးတယ် ဖိနပ်ဖြစ်တောင် တစ်ရံတည်း.ဆိုပဲ. ဒါကြောင့် သူတို့ ဖိနပ်စုတ်တောင် မပစ်ရက်တာဖြစ်မယ်.. ကိုယ်ကဈေးဝယ်ထွက်တဲ့အခါ လိုချင်တာလေးတွေ့လိုက်ပြီဆိုရင် ပထမတော့ လိုချင်ရုံတင်လိုချင်သေးတာ.. နောက်သူက အားကြီးလာပြီး ဥပါဒါန်အဖြစ်သို့ရောက်ကာ အိုဝယ်လိုက်ပါမယ်ကွာ စားတာကဘာနဲ့စားစား စသဖြင့် မနောကံမှုတွေ ၀စီကံမှုတွေ နောက် ကာယကံမှုတွေနဲ့ဝယ်ချလိုက်ပြီ… ဆိုတော့ ကံမြောက်ပြီပေါ့.. အဲဒီလိုပဲ တဏှာလာလိုက် ဥပါဒါန်ရောက်လိုက် ကံမြောက်လိုက်နဲ့ တနေ့တနေ့ အချိန်တွေကုန် ကျရတယ်.. ယုတ်စွအဆုံး ကုသိုလ်လုပ်တာတောင်မှ တဏှာကပါလာတယ်.. မယုံရင်ဒါနလုပ်ကြည့်လိုက် ပြီးရင်ဘာလိုက်လာလဲ.. ချမ်းသာရပါလို၏.. ချမ်းသာချင်တဲ့ကောင်က ပါလာတယ်.. သီလလုပ် အသက်ရှည် အနာကင်းချင်တဲ့ တဏှာက မကင်းဘူး..ဒါကြောင့်သူက နေရာတကာပါတယ်.. သူတင်ရပ်နေတာမဟုတ်ဘူး. ဥပါဒါန်၊ နောက် ကံ ကျအောင်ဆက်သွားသေးတာ.. ကံမှမြောက်ပြီဆိုရင်လည်း ဇာတိကလာရတော့မယ်.. ဇာတိလာရင်လည်း ဇရာမရဏပါဆက်သွားဦးမယ်.. အဲဒီလို ဇာတိ ဇရာ မရဏ ဆိုတဲ့ ဒုက္ခသစ္စာထိကျအောင် ပို့လိုက်တာ ဘယ်သူလဲဆိုတော့မှ တဏှာကပေါ်လာတာ.. ဘာကြောင့်ကံမဟုတ်ရတာလဲဆိုတော့ ကံကအခိုင်းခံရတဲ့ကောင်ပါ.. ဒါကြောင့် သူကအဓိကတရားခံမဟုတ်ပဲ တဏှာက အဓိကဖြစ်လာတာ. ခေါင်းဆောင်ကို မသတ်ပဲ လက်အောက်ငယ်သားတွေကို လိုက်သတ်နေလို့ကတော့ ဘယ်တော့မှ ဒီရန်ကအေးမှာမဟုတ်ဘူး. ဘာလို့လဲဆိုတော့ သူက တရားခံဖမ်းမှားလို့ပဲ. အဓိကတရားခံကိုမိမှ သူ့ကြောင့်ဖြစ်မယ့် လက်အောက်ငယ်သားလဲ မရှိတော့ဘူး.. သူ့လက်အောက်ငယ်သားတွေမရှိတော့ သူတို့ကြောင့်ဖြစ်မယ့် ဒုက္ခတွေက နေကင်းဝေးတာပဲ.. ဒါကြောင့်နှစ်သက်မှုတဏှာကနေ မနှစ်သက်တော့ပါဘူးလို့ နှစ်သက်မှုတွေကို စွန့်လိုက်ရင် နှစ်သက်မှုမရှိတော့တဲ့အတွက် စွဲလန်းမှုကလည်း သေတော့တာပဲ.. စွဲလန်းမှုသေတော့ စွဲလန်းမှုမှမရှိတာ စွဲလန်းပြီးတော့လည်း ကံတွေ မလုပ်တော့ဘူး.. ကံတွေမတည်ဆောက်ထားပါဘူး ဆိုတော့လည်း ကံကြောင့် ရောက်ရမယ့် ဇာတိတွေက ပြတ်တော့တာပဲ.. ဇာတိမှ မရှိရင်လည်း ဇာတိကြောင့်ဖြစ်မယ့် ဇရာမရဏကလည်း ဖြစ်ပေါ်ခွင့်မရပဲ ချုပ်နေမယ်.. အဲဒီလို ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ဒုက္ခသစ္စာ အပေါင်းအစု ကြီးချုပ်တာကိုပဲ ဒုက္ခချုပ်ငြိမ်းတယ်ဆိုတဲ့ နိဗ္ဗာန် လို့ခေါ်တယ်.. အဲဒီလို ဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို လိုချင်ရင် ကံတွေချုပ်မှဖြစ်မယ် ကံတွေချုပ်ချင်ရင် ဥပါဒါန်တွေချုပ်မှဖြစ်မယ်.. ဥပါဒါန်တွေချုပ်ချင်ရင် တဏှာချုပ်မှဖြစ်မယ်..

အဲဒီတော့ တဏှာဆိုတဲ့နှစ်သက်မှုလေးတွေကို စွန့်နိုင်ရင် ဥပါဒါန်ပြတ်တယ်၊ ဥပါဒါန်ပြတ်တော့၊ ကံပြတ်တယ်၊ ကံပြတ်တော့ ဇာတိပြတ်တယ်၊ ဇာတိပြတ်တော့ ဇရာမရဏ ပြတ်တယ်ဆိုတဲ့ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရနိုင်မှာဖြစ်လို့

အဲဒီဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို တဏှာဆိုတဲ့နှစ်သက်မှုလေးကို စွန့်ပြီးရအောင်ယူကြရအောင်လို့ တိုက်တွန်းရင်းနဲ့ နောက်ပို့စ်တွေမှ ဘယ်လိုစွန့်မလဲဆိုတာကို ဆက်ရှုကြရအောင်………………





ကိုယ်တိုင်လွတ်မြောက်ဖို့ဆိုတာ သူတပါးပေါ်မူတည်တယ်

26 02 2010

အဲဒီလိုရေထားလို့ တော်တော်လေးရှင်းဘူးတယ်… ကျွန်တော်ကတော့ ကိုယ်တိုင်လွတ်မြောက်ဖို့ဆိုတာ သူတပါးပေါ်တည်ရတယ်လို့ ခံယူထားတယ်.. ဟုတ်ပါတယ်.. ရုတ်တရက်ကြည့်လိုက်ရင် သာမန်သိထားတာတွေနဲ့က နည်းနည်းဆန့်ကျင်နေတယ်.. ပုံမန်ယူဆထားကြတာတွေကတော့ ကိုယ်လုပ်မှကိုယ်ရ.. ကိုယ့်အားကိုယ်ကိုး..စသဖြင့် ကိုယ့်ပေါ်မူတည်တဲ့အကြောင်းကြီးပဲလေ.. ကျွန်တော်ကလည်း အဲဒီလိုဖြေရှင်းချင်လို့ ဒီလိုခေါင်းစဉ်တွေထုတ်လိုက်ရတာပါပဲ။
ဆိုကြပါစို့…လွတ်မြောက်မှုအကြောင်းအရင်.. လွတ်မြောက်မှု ဆိုတာဘာလဲ. ဘယ်ကနေလွတ်မြောက်တာလဲ.. ဘယ်လိုလုပ်လိုက်လို့လွတ်မြောက်သွားတာလဲ..လွတ်မြောက်သွားတော့ကော ဘာဆက်ဖြစ်သေးသလဲ..
ကဲ…လွတ်မြောက်မှုကနေ အရင်စကြရအောင်.. လွတ်မြောက်မှုလို့ပြောလိုက်ရင် အဖြေတွေအများကြီးကြားရပါလိမ့်မယ်.. ဘာလို့လဲဆိုတော့ သူသူကိုယ်ကိုယ် ကိုယ့်ဥာဏ်မီသလောက် ကိုယ်သိသလို ကြားဖူးထားသလောက် နားဝနေသလောက် ဖြေကြမှာပဲ.. အဲဒီတော့ သူ့အသိနဲ့ကိုယ့်အသိနဲ့ မတူခဲ့ရင် ဘယ်လိုလုပ်မလဲ.. ကိုယ်ထင်သလိုက အမှန်ပဲလား.. သူများတွေကကော မမှန်နိုင်ဘူးလား.. အရှုံးမပေးချင်တဲ့ မာနတွေ ဒိဋ္ဌိတွေနဲ့ပဲ ဘူးခံ ငြင်းမလား.. ဒါမှမဟုတ်ပဲ သူဟာနဲ့သူ မှန်မှာပဲလို့ပဲဆိုကြမလား.. အဲဒီလိုဖြစ်လာခဲ့ရင်တော့ ဘယ်ဟာမှန်တယ် မှားတယ်ကို ဆုံးဖြတ်နိုင်မယ့် စံတော့ယူရတော့မယ်… အဲဒီစံကိုတော့ အမြဲတမ်း မှန်နေတဲ့ ပရမတ်နဲ့ ဆုံးဖြတ်မှပဲဖြစ်လိမ့်မယ်… ပရမတ်ဆိုတာကတော့ သူကအမြဲမှန်တဲ့တရားလေ.. သူ့ပင်ကိုယ်သဘောကနေ ဘယ်တော့မှဖောက်ပြန်မသွားဘူး.. အဲဒီပရမတ်နဲ့ဆုံးဖြတ်မှ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်… ခုဒီမှာ.ကျွန်တော်ပြောချင်တဲ့ လွတ်မြောက်မှုဆိုတာက ဒုက္ခတွေအကုန်လုံးကနေ လွတ်မြောက်တာပါ.. ကိုယ်သိထားတဲ့ဒုက္ခတွေကော ကိုယ်မသိသေးတဲ့ဒုက္ခတွေကောပေါ့.. ဒီမှာဘာလို့ ကျွန်တော်က ကိုယ်မသိသေးတဲ့ဒုက္ခကို ဆွဲထုတ်လာရတာလဲဆိုတော့ ကျွန်တော်တို့မသိသေးတဲ့ ဒုက္ခတွေအများကြီးရှိနေသေးလို့ပါပဲ.. အဲဒီလိုဒုက္ခတွေကို ဘာလို့မသိကြတာလဲဆိုတော့ မသိအောင်လုပ်ထားတဲ့တရားတွေက ကျွန်တော်တို့ကို ဖုံးထားလို့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်လို့ရောက်နေမှန်းလဲမသိတာပဲ… အဲဒီ မသိတာကို မောဟလို့ပဲဆိုပါစို့. အ၀ိဇ္ဖာလို့လဲခေါ်သေးတယ်.. အဲဒီလိုကိုယ့်ကိုယ်ကို ဒုက္ခရောက်နေမှန်းမှမသိရင် ဒုက္ခကနေ လွတ်မြောက်ချင်တယ်ဆိုတာလဲမလာဘူး.. ဒုက္ခရောက်နေတာမှမသိတာ.. ဒုက္ခကနေလွတ်မြောက်ချင်တဲ့စိတ်လဲမလာတော့ ဒုက္ခကနေလွတ်မြောက်အောင်လုပ်ပါတော့မယ်ဆိုတဲ့ အတွေးကလဲ ဘယ်လိုမှ လာနိုင်စရာအကြောင်းအရှိဘူး…. အဲဒီလိုမှ ဒုက္ခလွတ်ရာအလုပ်ကို မလုပ်ရတော့ ဒုက္ခကနေလွတ်မြောက်တယ်ဆိုတာလဲ မဖြစ်တော့ဘူး.. အော်..အခုပြသလိုဘာလို့ဒုက္ခကနေမလွတ်ပါလိမ့်လဲဆိုတော့ ဒုက္ခမသိမှုကြောင့်ဆိုတာ ပေါ်လာပြီ..ကိုယ့်မှာကလဲ ဒုက္ခတွေကလဲ အပြည့်ရှိနေတာပဲ.. ဒါလဲမမြင်ကြဘူး.. မသိကြဘူး.. သိတယ်လို့ပြောပြန်ရင်လည်း အကုန်မသိတဲ့တာကတစ်ကြောင်း ဒုက္ခကို သုခလုပ်လိုက်တာကတစ်ကြောင်း မို့လို့ ရှိတဲ့ဒုက္ခက မျက်စိရှေ့မှာတင်ကို မမြင်ဘူးဖြစ်နေတာ… ဒုက္ခရှိလျက်နဲ့ မမြင်ကြဘူးဆိုတာကို နည်းနည်းလေး ဥပမာထုတ်လိုက်မယ်.. မလှုပ်မယှက်ပဲ နည်းနည်းကြာကြာလေးထိုင်မိလိုက်တယ်ဆိုရင်ပဲ ခန္ဓာကိုယ်ထဲက ညောင်း ကိုက် ထုံကျင်မှုတွေက ဖြစ်လာပြီ.. အဲဒီ ညောင်း ကိုက် ထုံကျင်မှုတွေက ကောင်းလားဆိုတော့ ဘယ်သူမှမကြိုက်ကြပါဘူး…. မကြိုက်ဘူးဆိုတော့ ဒုက္ခပဲဆိုကြပါစို့.. အဲဒီဒုက္ခကို ဒါဒုက္ခပဲ ဒုက္ခပဲ ဒုက္ခတွေပေါ်နေတာပါလားလို့ ဘယ်သူမှနှလုံးမသွင်းဖြစ်ဘူး.. မသိဘူးလို့ပြောတာ.. ဘယ်လိုသွားသိသလဲဆိုတော့. အင်း.ငါတော့ညောင်းနေပြီ လို့ဆိုပြီးပဲ ဒုက္ခကိုသိလိုက်ကြတယ်..အဲဒီလိုသိပြီးတော့ ညောင်းညာလေးပြင်လိုက် အကြောလေးဆန့်လိုက်တော့ ပြေသွားတယ်.. ဆိုတော့ ခုနကပေါ်နေတဲ့ဒုက္ခက သုခဖြစ်သွားတယ်.. ဒုက္ခပျောက်သွားတယ်.. ဒုက္ခကသူ့ဆီမကျန်ခဲ့တော့ဘူး…. အဲဒီလိုဒုက္ခပျောက်သွားတယ်လို့သာပြောတယ်.. ကိုယ်က ညောင်းညာတတ်တဲ့ ခန္ခကြီးကိုတော့ လွယ်ထားရက်ပဲ.. ခုနက ညောင်းညာတယ်ဆိုတာကလဲ ပေါ်ရင် ဒီခန္ခာမှာပဲ ပေါ်ရတယ်.. သွားလေရာမှာသူကပါနေတယ်. သွားလေရာမှာလိုက်ဒုက္ခပေးမယ်လို့ဆိုတာပါပဲ.. ကဲဘယ်မှာလဲ ဒုက္ခပျောက်တယ်ဆိုတာ. ကိုယ်ကသွားလေရာမှာ အဲဒီ ညောင်းညာ ထုံကျင် ကိုက်ခဲမှုတွေကို စွန့်ပစ်ပြီးမှသွားတာမှမဟုတ်ပဲ.. ဒါကြောင့်လဲသွားလေရာမှာ ဒုက္ခနဲ့တွေ့တာပေါ့.. အဲလို ညောင်းညာ ထုံကျင်ကိုက်ခဲတိုင်း ဟိုဖက်ပြင်ပေးလိုက်ရ ဒီဖက်ပြင်ပေးလိုက်ရ လေ့ကျင့်ခန်းလုပ်ပေးလိုက်ရနဲ့ ဒုက္ခတွေကို ကုနေကြတာ.. လမ်းသွားရင်းလည်း ဟိုဖက်လှုပ်လိုက် ဒီဖက်လှုပ်လိုက် .ထမင်းစားတော့ကော အတူတူပဲ. ယုတ်စွအဆုံး ဘုရားထိုင်ရှိခိုးနေတာတောင် သူကလိုက်ဒုက္ခပေးသေးတယ်.. ဟိုလူကြည့်တော့လည်း လှုပ်လှုပ်ရွရွ ဒီလူကြည့်ပြန်တော့လည်း လှုပ်လှုပ်ရွရွ လူတိုင်းက လှုပ်လှုပ်ရွရွ.. သူတို့တွေဘာဖြစ်နေကြတာလဲဆိုတော့ ဒုက္ခရောက်လို့ ကုနေကြတာပါ လို့ဖြေရုံပဲ ရှိတယ်.. အဲဒီတော့ ကိုယ်မြင်တဲ့ဒုက္ခဆိုတာက ဘာမှမဟုတ်သေးဘူး.. ကျွန်တော်ဆိုလိုချင်တဲ့ လွတ်မြောက်မှုဆိုတာ ကြီးကြီးဒုက္ခတွေကအစ သေးသေးဒုက္ခပါမကျန် အလုံးစုံသော ဒုက္ခကနေလွတ်မြောက်တာကို ပြောချင်တာပါ…
အဲဒီတော့ လွတ်မြောက်မှုဆိုတာ ဒုက္ခကလွတ်မြောက်မှု… ဒါပေမယ့် ဘယ်လိုလုပ် သူများအပေါ်မူတည်တာတုန်းဆိုတော့.. ကိုယ်ကဒုက္ခကလွတ်မြောက်ချင်တာဆိုရင်တော့ ဒုက္ခကနေ လွတ်မြောက်အောင် လုပ်ရတော့မယ်… လွတ်မြောက်အောင်လုပ်တယ်ဆိုတော့ဘယ်က စလုပ်ကြမှာလဲ.. ဘယ်လိုလုပ်မှ ရမှာလဲ… စသဖြင့် အမေးလေးတွေပေါ်လာပါပြီ.. ကိုယ်ထင်သလိုပဲ လုပ်ကြတော့မှာလား.. ကိုယ့်ပေါ်ပဲမူတည်တယ်ဆိုရင် လုပ်လေ.. ဘယ်ကစလုပ်မလဲ.. အဲဒီညောင်းညာထုံကျင်ကိုက်ခဲတာ ဘယ်တော့မှ မပေါ်ရအောင်.. မွေးကတည်းက ဘာမှတတ်ပြီးမွေးလာတာမှ မဟုတ်ပဲ.. ကိုယ့်အားပဲကိုယ် ကိုး ချင်ကြတဲ့သူတွေ.. အမိဝမ်းတွင်းထဲက ထွက်လာကတည်းက ပစ်ထားလိုက်.. ဘာမှသူ့ကို လုပ်မပေးနဲ့… ဒီလိုအရွယ်ထိရောက်လာစရာကို အကြောင်းမရှိဘူး… ဘယ်လိုလဲ ကိုယ့်အားကိုယ်ကိုးချင်တဲ့သူတွေ…. တကယ်တော့ ပုတ်ခတ်ပြောချင်တာမဟုတ်ပါဘူး.. ထင်သာမြင်သာရှိအောင်လို့ပါ.. ကိုယ့်ကိုယ်ကိုပေါ်မှာ မူတည်တယ်ဆိုတာက ဒုတိယပါ.. ပထမက တော့ သူများအပေါ်မူတည်ပါသေးတယ်.. အဲဒါမှ ကိုယ့်ပေါ်မူတည် တယ်ပဲလုပ်နေသေးရင် မွေးကတည်းက ပြစ်ထားလိုက်မှာ…
အဲဒီတော့.. သူတပါးပေါ်မူတည်တယ်ဆိုတာ ဥပမာကြောင့် နည်းနည်းပေါ်လာပြီ.. နည်းနည်းလေး… ဥပမာထပ်ဆိုကြဦးစို့.. ကိုယ်က မရောက်ဖူးတဲ့ နေရာဒေသကို သွားချင်တယ်.. လမ်းမှမသိတာ ဘယ်လိုသွားမလဲ.. လမ်းပြမယ့်သူမရှိရင်……. သွားချင်တဲ့နေရာလျှောက်သွားမှာပေါ့လား..ရောက်ချင်တဲ့နေရာရောက်ဆိုပြီး..:) အဲဒီလိုတော့ မလုပ်ပါနဲ့.. မရောက်ချင်တဲ့နေရာတွေရောက်ကုန်မှာစိုးလို့ပါ… ဒါကြောင့် လမ်းမသွားခင် လမ်းကို တော့ အရင်မေးရမယ်.. ကိုယ်ရောက်တယ်မရောက်ဘူးဆိုတာက ပထမ လမ်းပြတဲ့သူပေါ်မှာ မူတည်တယ်… သူက လမ်းကိုကောင်းကောင်းပြတတ်ရင် ကိုယ်က သွားရတာသက်သာတာပေါ့.. ဒုတိယမှ ကိုယ့်ကိုယ်ကို ပေါ်မူတည်မယ်.. ပြတဲ့လမ်းအတိုင်း ဇွဲနပဲ နဲ့ ကြိုးစားမှ ကိုယ်လိုချင်တဲ့ နေရာ ကိုယ်လိုရာကိုရောက်နိုင်တော့မှာပဲ….
အဲဒီလိုပဲ ကျွန်တော်တို့တွေ လွတ်မြောက်ချင်တဲ့ အလုံးစုံသော ဒုက္ခတွေ အကုန်လွတ်မြောက်အောင် ပထမ တော့ သူတပါးအပေါ်မူတည်လိုက်ပါဦး.. ပြီးတော့မှ ကိုယ့် ပေါ် မူ တည် ပြီး တော့ ကြိုးစားမယုတ် အားထုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ လွတ်မြောက်ချင်တဲ့ ဒုက္ခအလုံးစုံကနေ လွတ်မြောက်မှာဖြစ်လို့ ကြိုးစားမယုတ်အားထုတ်လိုက်ပါဦးလို့ တိုက်တွန်းရင်းနဲ့ နောက်ပို့စ်တွေမှ ထပ်ဆုံကြရအောင်…………………………….





လမ်းလျှောက်ရင်း လမ်းပျောက်သူများ

24 02 2010

နေရာတစ်ခုကို ကိုယ်ကသွားချင်တယ်၊ အဲဒီနေရာကိုရောက်ချင်တယ် ဆိုရင်တော့ အနည်းဆုံးတော့ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာကို သွားတဲ့အလုပ်လေးတော့ လုပ်မှဖြစ်မယ်…. မသွားပဲနေရင်တော့ ဘယ်လိုနည်းနဲ့မှ ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး…. ရောက်ချင်တဲ့ဆန္ဒရှိရုံ ထိုင်ဆုတောင်းနေရုံလောက်နဲ့တော့ ရောက်မှုဆိုတာက မဖြစ်နိုင်ဘူးလေ။ သွားမှုကသာ ရောက်ခြင်းရဲ့ အဓိက အနီးကပ်ဆုံး အကြောင်းတရားပဲ။ ဆန္ဒတွေ ဆုတောင်းတွေက ဝေးသောအကြောင်းတရားတွေပါ။ သူတို့လောက်နဲ့တော့ ကိုယ့်ကို တိုက်ရိုက်ရောက်အောင် မပို့ပေးနိုင်ဘူး။ ဥပမာဆိုကြပါစို့. . လမ်းသွားမယ့် ခရီးစရိတ်တွေ ကား၊ ယာဉ်စတဲ့ လက်မှတ်တွေ ရှိထားရုံနဲ့ အဲ့ဒီလက်မှတ်တွေက ကိုယ့်ကို ပို့ပေးတာမဟုတ်ပါဘူး.. အဲဒီလက်မှတ်တွေကို အသုံးချပြီးတော့မှ ကိုယ်က အဲဒီယာဉ်ကို စီးနှင်းလိုက်ပါသွားမှ အဲဒီယာဉ်က ကိုယ့်ကို ကိုယ်လိုရာ ကို ပို့ဆောင်ပေးမှာပေါ့… ဒါကြောင့် လက်မှတ်ရှိရုံ ယာဉ်တွေအဆင်သင့်ရှိနေရုံနဲ့ ရောက်တာမဟုတ်ဘူးလို့ ဆိုလိုတာပါ… စီးနှင်းလိုက်ပါခြင်းသာလျှင် လိုရင်းအကျဆုံးပါပဲ။ ဆိုက်ရောက်ခြင်း၏ အကြောင်းပါပဲ။

ကဲ..ဒါဆိုကိုယ်ရောက်ချင်တဲ့နေရာကို သွားကြမယ် အဲဒီခရီးကို စလျှောက်မယ်လို့ဆိုပြီး စလျှောက်ရုံနဲ့တင်ကောရောက်နိုင်မှာလား…..? ကိုယ်က ခရီးသာလျှောက်ချင်တာ ကိုယ်လျှောက်ရမယ့်ခရီးကို မသိဘူး လမ်းကို မသွားခင်ကတည်းက ကြိုမသိထားဘူးဆိုရင် ဘယ်လမ်းကစပြီး ဘယ်လမ်းကိုဝင်ကြမှာလဲ….ကိုယ့်အတွေးထဲမှာလဲ လမ်းကိုကောင်းကောင်းမသိထားတဲ့ အတွက် ဘယ်ဘက်လမ်းကအမှန်လား ညာဘက်လမ်းကအမှန်လား စတဲ့ သို့လော သို့လော သံသယတွေနဲ့ လမ်းတောင်စလျှောက်ဖို့ရာအတော်ပင်ခက်ခဲနေပြီ။ သွားရမယ့် လမ်းမသိလို့ ရောက်မှုကြီးကအခက်ခဲဆုံးဖြစ်နေလေတော့သည်။ ကိုယ်ကလမ်းမှမသိပဲ သွားလိုက်ပါတော့မယ် လမ်းစလျှောက်ပါတော့မယ်ဆိုရင် ကိုယ်ကမသိတဲ့အတွက် လျှောက်တဲ့လမ်းက လမ်းမှားလဲရောက်သွားနိုင်တယ်. လမ်းမှန်အပေါ်လည်း ရောက်သွားနိုင်တယ်… လမ်းမှားရောက်ဖို့ကတော့ အသေအချာဆုံးပဲ.. လမ်းမှလျှောက်မှားပြီဆိုရင်တော့ ဘယ်တော့မှ လိုရာမရောက်နိုင်တော့… မလိုရာပဲရောက်တော့မည်….အဲဒီတော့ လမ်းမသွားခင် အရင်ဆုံး သွားရမယ့် လမ်းလေးဖြောင့်ဖြေင့်တန်းတန်း ချောချောမွေ့မွေ့သွားနိုင်ဖို့ လမ်းကိုတော့အရင်သိထားဖို့လိုအပ်တယ်… လမ်းကိုသိပြီဆိုမှ နောက်ဆံမတင်းပဲ တစိုက်မတ်မတ် သွားနိုင်တော့မည်ဖြစ်ပါတယ်…အဲဒီလို လွယ်လွယ်ကူကူ သွားနိုင်ဖို့အရင်ဆုံး မသွားခင် လမ်းလေးတော့ အရင်ဆုံးမေးမြန်းဖို့ကောင်းပြီ။ ဒါကိုထောက်ခြင်းအားဖြင့် လမ်းမေးဖို့က နံပါတ်တစ်ပါလား.. လမ်းလျှောက်တာက နံပါတ်နှစ်ပါလားဆိုတာ ပေါ်လာပြီ.. အဲလိုမှမဟုတ်ပဲ လမ်းမမေးတော့ပါဘူး..လျှောက်ပဲလျှောက်ပါတော့မယ်ဆိုရင်တော့ နံပါတ်နှစ်လုပ်ရမှာကို နံပါတ်တစ်လုပ်လိုက်လို့ အဆင့်ကျော်လိုက်လို့ လိုရာခရီးကိုမရောက်နိုင်ပဲဖြစ်နေတော့တာပါပဲ… ဘယ်အရာမဆို သူ့အဆင့်နဲ့သူ လုပ်မှ အောင်မြင်မယ်ဆိုတာလဲ သိနေကြတာပဲ..

ကဲ..အခုသူ့အဆင့်နဲ့သူလုပ်ကြမယ်ဆိုတော့. လမ်းစမေးကြတာပေါ့.. လမ်းမေးရင်ကောဘယ်သူ့ကိုမေးမှာလဲ.. သိတဲ့သူရှိသလို မသိတဲ့သူတွေလဲရှိတယ်..ရောင်ဝါးဝါးသိတဲ့သူတွေလဲရှိသေးတယ်.. သူတို့ကကိုယ့်ကို ကောင်းကောင်းလမ်းမပြပေးကြရင်လည်း သွားရာလမ်းခရီးက မဖြောင့်ဖြူးနိုင်ဘူးလေ.. လမ်းခရီးဖြောင့်ဖြူးဖို့က ကောင်းကောင်းလမ်းညွှန်တတ်တဲ့သူနဲ့မှ ဖြစ်မယ်.. လမ်းညွှန်တဲ့သူက သူကိုယ်တိုင်လည်း မရောက်ဖူးဘူး.. သူသိထားတဲ့လမ်းကလည်း ကွေ့ကောက်နေတဲ့လမ်းဆိုပြန်ရင်လည်း သွားသူကိုယ့်မှာ လမ်းဘေးရောက်ဖို့နဲ့ လမ်းကြောရှည်ပြီး ကြမ်းတမ်းနေမယ်လေ.. လမ်းညွှန်ကောင်းကိုရှာတွေ့ဖို့ဆိုတာကလည်း အတော်မလွယ်တဲ့အရာပဲ….. မရှာပြန်ရင်လည်း မရောက်နိုင်ပြန်ဘူး.. ရှာမှားရင်လည်း ကိုယ့်မှာ ဒုက္ခရောက်ရဦးမယ်.. တော်တော်လည်းအကျဉ်းအကျပ်ထဲ ရောက်နေကြပါလား… ကိုယ်ကကြိုးစားပြီ့း ရှာမယ်ဆိုပြီးတော့ လမ်းသိသူတွေနောက်ကို လိုက်နေမှ… မဟုတ်ရင် မရှာတော့ပဲ ရပ်ချင်လည်းရပ် ဆင်ခြေလေးနဲ့ နောက်ဆုတ်ချင်လည်းဆုတ်နေမှာမို့လို့ အားလေးတင်းပြီးတော့ ကြိုးစားနေဖို့တော့ လိုအပ်တယ်..

လမ်းမေးတဲ့အရာမှာ အကောင်းဆုံးက ရောက်ဖူးသူတွေကို မေးတာ အကောင်းဆုံးပါပဲ… သူတို့ကရောက်ဖူးတော့ သူတို့လာခဲ့တဲ့လမ်းကိုတော့ ကောင်းကောင်းညွှန်တတ်ကြမှာပါပဲ.. သူတို့ပြတဲ့လမ်းအတိုင်း သူတို့လျှောက်ခဲ့တဲ့ လမ်းအတိုင်း ကိုယ်က တသွေမသိမ်း လိုက်သွားရင်သူတို့ ရောက်သလို ကိုယ်လည်းရောက်ရမှာပေါ့… အဲဒါမှမဟုတ်ပဲ လမ်းညွှန်တဲ့သူကတော့ ညွှန်ပါတယ်.. ကိုယ်က ရှင်းပြတဲ့အချိန်မှာလည်း ဂရုမစိုက်လိုက်လို့ လမ်းကိုရှင်းရှင်းလင်းလင်းမသိခဲ့သော် ဒါမှမဟုတ် လမ်းပြသူကိုသံသယဖြစ်ခဲ့သော် လျှောက်ရတဲ့လမ်းကလည်း ချောမွေ့မှာမဟုတ်ပါဘူး…. လမ်းပြတဲ့သူကတော့ အမှန်ပြတာပါပဲ.. ကိုယ်ကမနာယူတတ်လို့ လမ်းခရီးနှောင့်နှေးရတယ်.. အဲဒီတော့ လမ်းပြတဲ့သူရှိတုန်း ကြိုးကြိုးစားစား လိုလိုချင်လေးလိုက်မှဖြစ်တော့မယ်..

ကဲ..အဲဒီလိုကြိုးစား အားထုတ်ပါမယ်ဆိုပြန်တော့ သူတို့ပြတဲ့လမ်းက လမ်းမှန်လား မမှန်ဘူးလားဆိုတာလည်းနည်းနည်းရွှေးချယ်ဖို့တော့လိုတယ်… သူတို့ကတော့ ပြောတော့ပြောတာပဲလေ.. ကိုယ်ကဘယ်လို ဆုံးဖြတ်မလဲ. မှန်တယ်မမှန်ဘူးဆိုတာ..

အင်း..တော်တော်ရှုပ်တာ.. အဆင့်ဆင့် ပြီးပဲ မပြီးနိုင်ဘူး.. ဒါကြောင့် လမ်းလျှောက်ရင်းလမ်းပျောက်နေကြတာ….

လမ်းမှန်တယ် မမှန်ဘူးဆိုတာတော့ ကိုယ်က ပြောတဲ့အတိုင်း သွားကြည့်လိုက်.. သူတို့က ဒီကနေ တည့်တည့် နာရီဝက်လောက်လျှောက်လိုက်ရင် ညောင်ပင်တွေ့မယ်.. ဆက်လျှောက် ရေကန်တွေ့မယ်.. . ရေကန်တွေ့ရင် ညာဖက်ချိုး တည့်တည့်ဆက်သွားလိုက်ရင် လမ်းဆုံ တစ်ခုရောက်မယ်.. အဲဒီလမ်းဆုံရောက်လို့ လှမ်းကြည့်လိုက်ရင် ကိုယ်သွားချင်တဲ့ မြို.ကို လှမ်းတွေ့ရမယ်..စသဖြင့် ညွှန်လိုက်လိုရှိရင်.. သူတို့ပြောတဲ့အတိုင်း စမ်းသွားကြည့်.. ပထမ နာရီဝက်လောက်လျှောက်လိုက်လို့ ပြောတဲ့အတိုင်း ညောင်ပင်တွေ့မယ် ဆိုရင်.. အင်း.ဒီထိတော့သူပြောတာမှန်ပြီဆိုပြီဆုံးဖြတ်ချက်တော့ ချလို့ပြီ.. ကိုယ်က စမ်းတော့ မလျှောက်ကြည့်ပဲ မှန်တယ်မှားတယ် ဝေဖန်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး… လမ်းသိရင် လမ်းတော့စလျှောက်မှဖြစ်မယ်လေ..

တကယ်လို့ကိုယ်က ရောက်ဖူးတဲ့သူနဲ့လည်းမတွေ့ဘူး.. သူတို့ကိုမရနိုင်ရင်တောင်မှ .. ရောက်ဖူးတဲ့သူဆီကနေ လမ်းမေးထားဖူးလို့ လမ်းကိုတိတိကျကျ သိနေသေးတယ်…သူကိုယ်တိုင်လည်း စသွားနေတယ်ဆိုရင်လည်း .. သူတို့တွေကို မေးပြီးသွားလို့ရပါတယ်.

လမ်းမေးပြီးမှ လမ်းသွားဖို့ကတော့အဓိကပေါ့….

ဒါကြောင့်မို့လို့ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင်လို့ လမ်းမေးပြီးမှ လမ်းသွားကြပါလို့ စေတနာရှေ့ထားပြီး တိုက်တွန်းလိုက်ပါတယ်…..








%d bloggers like this: