ပြဿနာ

7 03 2010

ပြဿနာ၏ အဓိပ္ပါယ်ရှင်းလင်းခြင်း။ ။ပြဿနာဆိုသည်မှာ အဆင်မပြေခြင်း၊ အလိုမကျခြင်း၊ မတင့်မသင့်ဖြစ်ခြင်း၊မပြေလည်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မကောင်းတာဖြစ်ခြင်း၊ မကောင်းကျိုးပေးခြင်း စတဲ့အဓိပ္ပါယ် တွေကိုခေါ်တာပါပဲ။ မြန်မာလိုခေါ်တော့သာ ပြဿနာ အင်္ဂလိပ်လိုကျတော့ Problem. . တခြားဘာသာစကားတွေနဲ့ဆို တခြားနာမည်တွေ ဖြစ်နေဦးမှာပါပဲ။ ဘယ်လိုပဲနာမည်တွေကွဲပြားနေစေကာမူ အဓိပ္ပါယ်ကတော့ ဒီကိုပဲသက်ရောက်တာပါပဲ။ ဒီပြဿနာဆိုတဲ့နာမည်ပေါ်ပေါက်လာပြီဆိုရင်လည်း ကောင်းတာမပါ ပါဘူး။ ပြဿနာဖြစ်ပြီဟေ့ဆိုရင် ဘယ်သူမှမကြိုက်ကြပါဘူး။ အကုန်ကြောက်ကြပါတယ်.. ဘာလို့လဲဆိုတော့ သူကမကောင်းလို့ပါပဲ။ သူပေါ်လာရင်မကောင်းဘူး။ မကောင်းတာကိုပဲ သူကဆက်လုပ်တတ်လို့ ဘယ်သူမဆိုသူ့ကို အကုန်ကြောက်နေရတယ်။ သူက သူနဲ့ပက်သက်သူတွေကို ဒုက္ခရောက်အောင် ဒေါမနဿဖြစ်အောင် သူကစွမ်းဆောင်နိုင်တယ်လေ။ သူ့စွမ်းရည်ကလည်း ကြီးကြီး ငယ်ငယ် ဘယ်သူမှမချန်ဘူး သူ့ကိုမှီတဲ့သူတွေ အကုန်ဒုက္ခရောက်အောင် လုပ်နိုင်တယ်။ ကြီးတဲ့သူမှီရင် ကြီးတဲ့သူ ငယ်တဲ့သူမှီရင် ငယ်တဲ့သူ ငိုရဖို့သာပြင်ထား.. သူကပေးတော့မှာ.. ပြဿနာဆိုတာ ပုဂ္ဂိုလ်၊သတ္တ၀ါလို့ မယူပါနဲ့တဲ့၊ သူကချိုနဲ့လည်းမဟုတ်ပါဘူး.. ဒါကြောင့်သူလာတာကို မျက်စိနဲ့မမြင်နိုင်ဘူးလို့ပြောတာပါ။ သူက နေရာမရွှေး၊ အချိန်မရွှေး၊ ပုဂ္ဂိုလ်မရွှေး၊ အကြောင်းအရာမရွှေးလာနိုင်တယ်။
ပြဿနာဖြစ်ပေါ်ရခြင်းအကြောင်း။          ။ကျွန်တော်တို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်း မတူကြဘူး။ အတွေးအခေါ် အကြံအစည် ပြုမူပြောဆို လုပ်ကိုင်တာတွေကလည်း နေရာဒေသ အချိန်ကာလ အခြေနေတွေပေါ်မူတည်ပြီးတော့ အမြဲတမ်းပြောင်းလဲနေကြတယ်.. ဥာဏ်ရည်ကလည်းအဆင့်ဆင့် သူ့အလွှာနဲ့သူ။ တစ်ဦးနဲ့တစ်ဦး အချိန်ကာလ ကြာမြင့်အောင် အကြိုက်ချင်းတူညီကြဖို့ဟာက အတော်လေးခဲယဉ်းတယ်.. တူပြန်ရင်လည်း ခဏတဖြုတ်လေးပဲ..အဲဒီလိုတူနေတာတောင်မှ တခြားအကြောင်းအရာတွေက ကွဲပြားခြားနားနေသေးပြန်တယ်။ အစစ အရာရာမှာတူတယ်ဆိုတာ ရှားပါတယ်။ မရှိပါဘူး ရှိတယ်ဆိုရင်တော့ မေးခွန်းလေး နည်းနည်းပါးပါးလောက် မေးလိုက်ချင်ပါတယ်.. တကယ်ဟုတ်မဟုတ်.. အဲဒီလို တစ်ဦးနဲ့တစ်ဦး အမြင်တွေကွဲပြားခြင်း၊ အကြိုက်တွေ မတူခြင်း စတဲ့ ကွဲပြားမှုတွေက နေစတာပါပဲ။ ဘာလို့လဲဆိုတော့ နှစ်ယောက်အတူရှိကြတယ်ဆိုရင် တစ်ယောက်က အအေးကြိုက်တယ်. တစ်ယောက်ကအပူကြိုက်တယ် အဲဒီလို ကွဲပြားနေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကြိုက်တာကမှ မှန်တယ်ဆိုရင် အဲဒီနှစ်ယောက်မှာ ပြဿနာစတော့တာပါပဲ။ ပူတာမှကောင်းတာကွ.. အေးတာမှကောင်းတာကွနဲ့ စသဖြင့် ကိုယ့်အကြိုက်ကို ဦးစားပေးပြီး ပြိုင်ဆိုင်နေကြမယ်ဆိုရင် သူတို့နှစ်ယောက်အတွက်က မာနတွေ၊ ဒိဋ္ဌိတွေနဲ့ ပြိုင်ဆိုင်လိုက်ကြရင်ဖြင့် ပြဿနာဆိုတဲ့နာမည် သူတို့နှစ်ဦးကြားမှာ ပေါ်ပေါက်လာရတာပဲ။ ရေတစ်ဝက်ရှိတဲ့ရေခွက်တစ်ခွက်ကို တစ်ယောက်က တစ်ဝက်ပဲရှိတယ်လို့မြင်တယ်. တစ်ယောက်ကတော့ တစ်ဝက်ပြည့်နေတယ်လို့မြင်တယ်. ဘာလို့အမြင်တွေကွဲနေတာလဲ.. နှစ်ယောက်လုံးလဲမှန်နေတာပဲ. နာမည်တပ်လိုက်တာချင်း တွေးခေါ်ယူဆလိုက်တာချင်းကျမှ လာကွဲနေတယ်.. အဲဒီလိုကွဲနေတာနဲ့လောက်တင် ပြဿနာက မလာသေးပါဘူး.. ဘယ်ဘက်ကကြည့်ကြည့် မှန်နေလို့ပါပဲ။ ပြဿနာကဘယ်ကနေစလဲဆိုတော့ ငါမြင်တာကမှမှန်တာ ဆိုရင်တော့ စပြီ။ အဲဒီကစတာ။ ကိုယ့်အမြင် ကိုယ့်အကြိုက်ကမှ မှန်တာဆိုရင် သူများအမြင်ကမှားရတော့မယ်.. နှစ်ယောက်စလုံးအဲလို ယူလိုက်လို့ရှိရင် သူတို့နှစ်ယောက်ကြား တစ်ဦးနဲ့တစ်ဦး ညှိလို့မရနိုင်ခြင်း နားလည်မှု မပေးနိုင်ခြင်းက စပြီးပြဿနာပေါ်ပေါက်လာရတာပါပဲ။ နှစ်ဖက်လုံးကနေဖြစ်စေ တစ်ဖက်ကနေဖြစ်စေ သူမြင်တာလဲဟုတ်တာပဲ လို့ ညှိပေးလိုက်ရင်တော့ ပြဿနာဆိုတာ ပေါ်ခွင့်ကိုမရတော့ပါဘူး။ ဘယ်သူမဆို ကိုယ်ဥာဏ်မှီသလောက်ပဲ ကိုယ်တွေးနိုင်ကြတာပါ။ အဲဒီထက်ကျော်လွန်ပြီး မစွမ်းကြပါဘူး။ ဥပမာပြပါဦးမယ်.. အခုကျွန်တော်က ဒီအကြောင်းကိုရေးတော့ စာဖတ်သူတွေက …. ဟာကွာမဟုတ်သေးပါဘူး မင်းထင်မြင်ယူဆချက်တွေက လိုပါသေးတယ်လို့ သဘောမကျ လို့ လက်မခံနိုင်လို့ စောတကတက်လာမယ်ဆိုရင်.. တစ်ဖက်ကတော့စပြီ။ ကျွန်တော်ကလည်း ကျွန်တော်အမြင်ကမှမှန်တယ်လို့ယူဆထားရင်.. ပြန်လည်ရှင်းပြတဲ့ သဘောမျိုးမဟုတ်ပဲ ငြင်းခုန်တဲ့သဘောမျိုးထွက်လာခဲ့ရင်တော့ ကျွန်တော့ဖက်ကတစ်ဖက် နဲ့ စာဖတ်သူနဲ့ ချိတ်ပြီးတော့ ပြဿနာဆိုတာ စတော့မှာပါပဲ။ ကျွန်တော်တို့ကလေးဘ၀တုန်းက အမေက ညီအစ်ကိုချင်းရန်ဖြစ်တော့ အမြဲဆုံးမလေ့ရှိတယ်.. ချိတ် ချိတ် ချင်းမှချိတ်တာတဲ့.. ဟုတ်ပါတယ်.. တစ်ဖက်က အဖြောင့် တစ်ဖက်က အကောက်ဆိုရင် ဘယ်လိုမှမချိတ်ပါဘူး.. မယုံရင် လက်ညှိးနှစ်ချောင်းကွေးထား ပြီးတော့ ချိတ်ကြည့်.. ချိတ်ရာကနေ တစ်ဖက်ကို ဖြောင့်လိုက်.. ချိတ်နေသေးလားလို့.. တခြားတစ်ဖက်ကိုတော့ လှည့်မသွားနဲ့ပေါ့.. တခါတခါကျတော့ ဥပမာနဲ့ ဥပမေယျက အကုန်မညှီလို့ ဆိုလိုရင်းကိုသာတွေးပါ.. အတွန့်တက်နိုင်တဲ့သူများအတွက် ရှင်းတာပါ. စာဖတ်သူတို့ဖက်ကနေ ချိတ်တစ်ဖက်မဖြစ်အောင်လို့ပါ.. တစ်ကယ်လို့ စာဖတ်သူတွေကလည်း ကျွန်တော့်ကို သူ့အမြင်ကတော့ ဒီလောက်ပဲလို့ ဒီလောက်ပဲရမှာပေါ့လို့ ဖြောင့်ပေးထားရင် တစ်ဖက်ကဖြောင့်နေတဲ့အတွက် ကျွန်တော့်ဖက်ကကောက်တောင် မချိတ်တော့ပါဘူး.. တစ်ဦးနဲ့တစ်ဦး အကြိုက်မတူလို့ မမြင်မတူလို့ နှစ်ဖက်လုံး ချိတ်ဖြစ်နေကြမယ်ဆိုရင်.. အကြိုက်ချင်းမတူတာတွေက အများကြီး အမြင်ချင်းမတူတာတွေက အများကြီး.. အဲဒီတော့ ပြဿနာတွေကလည်း အများကြီးပဲပေါ့.. ကိုယ်ကနေပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က အယောက်တိုင်းကို လိုက်ကြည့် ကိုယ်သဘောမကျတဲ့ အချက်လေးတွေက အယောက်တိုင်းလိုလိုမှာရှိနေတယ်.. အဲဒီတော့ တစ်ဖက်ကတော့ ချိတ်အသင့်ပဲ.. နောက်တစ်ဖက်က ချိတ်ဖြစ်ပြီဆိုရင်တော့ ချိတ်တော့တာပဲ.. နောက်ဆုံး ကိုယ်တစ်ယောက်ထဲတောင် ကိုယ့်ဟာနဲ့ကိုယ် ပြဿနာဖြစ်နေသေးတယ်.. ဘယ်လိုလဲဆိုတော့ ကိုယ်ကပစ္စည်းတစ်ခုကို ကောင်းမယ်ထင်လို့ ၀ယ်လာတာ အိမ်ရောက်တော့ မကြိုက်တော့ဘူး.. ငါ ဘာလို့ ဒီလိုဟာမျိုးဝယ်လာတာလဲ ငါတော်တော်တုံးတဲ့အကောင်ပါလား ဆိုပြီး ကိုယ့်ဟာနဲ့ကိုယ်တောင်မှ အစက သဘောကျလိုက် နောက်တော့ သဘောမကျလိုက် နဲ့ တစ်ယောက်တည်းပြဿနာဖြစ်နေတာပဲ.. အစားအသောက်ကို ကြိုက်တုန်းကတော့ တဖြဲနဖြဲစား စားပြီးတော့မှ ရောဂါထလာတော့မှ ဒီလောက်ငတ်ကြီးထတာ ဖြစ်တာတောင်နည်းသေးတယ် စသဖြင့် တစ်ကိုယ်ကနေ နှစ်ကိုယ်လုပ်ပြီးတော့ ရန်တွေဖြစ်နေသေးတာပဲ.. အဲဒီလို ကိုယ့်ဟာနဲ့ကိုယ်တောင် မတဲ့တာ သူများတွေနဲ့ဆိုတော့ သည်းခံမှုက အတော်လေး နည်းသွားပြီပေါ့။ ငါကတော်တော်သည်းခံနိုင်တာ. ဒါပေမယ့် မဟုတ်ရင်တော့မခံဘူးဟေ့ ဆိုတဲ့ သူတွေကလဲတော် တော်များတယ်.. မဟုတ်မခံလူစားမျိုးလေ… သည်းခံတယ်ဆိုတာကလည်း မဟုတ်တာကိုပဲ သည်းခံရတာ.. ဟုတ်နေရင် ဘာသည်းခံနေစရာလိုသေးလဲ.. သည်းခံပါတယ်ဆိုမှ.. အဲဒီတော့ ဒီပြဿနာဆိုတာက ဘယ်ကနေ ပေါ်လာတာလဲဆိုတော့ တစ်ဦးကို တစ်ဦးက နားလည်မပေးတော့ပါဘူးဆိုရင် ဖြစ်တာပဲ.. ချိတ် ချိတ် ချင်းချိတ်တာပဲ..
ပြဿနာဖြေရှင်းခြင်း။          ။တစ်ဖက် ဖက် ကနေ ပြီးတော့ နားလည်ပေးထားရင်တော့ တစ်ဖက်ဖြောင့်နေတဲ့အတွက် မချိတ်နိုင်တော့ပါဘူး.. ကိုယ်လည်း သူ့လိုခံစားချက်မျိုး သူ့နေရာမှာဆိုရင်သူ့လိုပါပဲလို့ သူ့ကိုနားလည်ပေးထားရင် သူ့ကိုမြင်တဲ့အပြစ်က နည်းသွားပါတယ်.. ကိုယ့်ခံစားချက်နဲ့ သူ့နေရာကို ပြောတာမဟုတ်ပါဘူး.. သူ့နေရာနဲ့ သူ့ခံစားချက်ကို ပြောတာပါ.. အဲဒီလို သူများကိုကော ကိုယ့်ကိုယ်ကို ပါ နားလည်မှုပေးတယ်လို့ပဲပြောပြော Positive အမြင်လို့ပဲပြောပြော အဲဒီလိုလုပ်နိုင်တယ်ဆိုရင် လည်း ပြဿနာက နည်းသွားမှာပါ။ ဒါကတစ်နည်းပါ။ နောက်တနည်းက ကိုယ့်ကိုယ်ကို မတဲ့ဘူးဆိုတာက ခန္ဓာငါးပါးကို ငါ လို့စွဲထားတဲ့ ဒိဋ္ဌိလက်ချက်ကြောင့် ငါနဲ့ငါက ယှဉ်ဖက်ဖြစ်ပြီးတော့ ရန်ဖြစ်တော့တာပဲ.. အဲဒီဒိဋ္ဌိက ခန္ဓာငါးပါးကို ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါလို့ယူထားတဲ့အတွက် ငါ့ထိရင်မခံဘူးဆိုတာဖြစ်လာတာပဲ.. ငါဆိုတာကလည်း သူတော်ကောင်းတရားမနာဘူးလို့ရှိရင် ကိုယ့်သဏ္ဌာန်မှာက အထင်အရှားရှိနေတာ… တကယ်လို့ ကိုယ်က သူတော်ကောင်းတရားနာကြားရလို့ ရုပ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်လာတာ.. နာမ်ဆိုတာကလည်း အာရုံနဲ့ဒွါရ တိုက်လို့ဖြစ်လာရတာ.. ငါဆိုတာ ဘယ်နေရာမှ နာမည်တပ်လို့မရပါလားလို့သိလာတဲ့ အချိန်ကျမှ ငါဆိုတာလည်းမရှိ.. ငါဆိုတာလည်းရှိတော့ ငါနဲ့ငါလည်း ရန်ဖြစ်စရာမလို.. ငါနဲ့ငါလည်းရန်မဖြစ်တော့ သူတပါးနဲ့လည်း ငါနဲ့ပတ်သက်ပြီးတော့ ရန်ဖြစ်စရာရှိ တော့မှာမဟုတ်ပါဘူး.. ဒါဆို ပြဿနာဆိုတာက နာမည်သာကျန်ခဲ့ပြီး အကောင်အထည်ကတော့ ပျောက်သွားတော့မှာပါ။ အဲဒီတော့ ဒီပြဿနာတွေပျောက်သွားအောင် နောင်မှာလည်း မပေါ်လာရအောင် အကြောင်းတိုက်ဆိုင်လို့ပေါ်လာတိုင်း ပေါ်လာတာက ရုပ်ပဲ နာမ်ပဲလို့ အကြောင်းအကျိုးနဲ့တကွ လိုက်သိနိုင်ရင် ဒိဋ္ဌိက အသိနဲ့ပြုတ်နေပြီးတော့ ပြဿနာဆိုတာ ကိုယ်နဲ့မဆိုင်တော့ပါဘူး…
ပြဿနာမှကင်းလွတ်ခြင်း။          ။အဲဒီလို လိုက်မှတ်နိုင်တာကနေ တဆင့်တက်ပြီးတော့ ပေါ်တုန်းကတော့သူက ရုပ်ပဲ .. တကယ်တမ်းလိုက်ကြည့်လိုက်တော့ သူက အနိစ္စဖြစ်နေတယ်.. နောက် ရုပ်ပဲကြည့်ကြည့် နာမ်ပဲကြည့်ကြည့် ရုပ်ပဲ နာမ်ပဲလို့ မတွေ့တော့ပဲ သူက အနိစ္စပဲလို့ မြင်နေခဲ့ရင် အဲဒီ အနိစ္စလို့မြင်နေတဲ့ အချိန်မှာ အနိစ္စလက္ခဏဥာဏ်ဝင်နေလို့ ဒိဋ္ဌိက အပွားနဲ့ပြုတ်နေပြီ။ အဲဒီလို အနိစ္စတွေကြီးမြင်နေလို့ ဒီအနိစ္စတွေကို မုန်းလို့ မကြိုက်တော့ပါဘူးဆိုရင် အနိစ္စမြင်တဲ့ဥာဏ်ကနေ နိစ္စဆိုတဲ့ နိဗ္ဗာန်ကို မြင်တဲ့ဥာဏ်ဖြစ်သွားပါလိမ့်မယ်.. အဲဒီ နိစ္စနိဗ္ဗာန်မြင်တဲ့အချိန်ကျတော့မှ ဒိဋ္ဌိက အပါယ်နဲ့ပြုတ်သွားလို့ ကိုယ့်သဏ္ဌာန်မှာ ဒိဋ္ဌိ နောက်ထပ်ပေါ်ခွင့်မရတော့ပါဘူး.. အဲဒီငါလို့စွဲထားတဲ့ ဒိဋ္ဌိမရှိတော့တဲ့အတွက် ငါနဲ့ငါလည်း ယှဉ်စရာကလုံးလုံးမရှိတော့… သူတပါးနဲ့လည်းယှဉ်စရာမရှိတော့ လို့ တစ်ဖက်ချိတ်ပြတ်သွားလို့ ပြဿနာဆိုတာလည်း ကိုယ့်သဏ္ဌာန်မှာ လုံးလုံးကင်းသွားပါပြီ။ သူများဖက်ကမကင်းတာကတော့ သူတို့နဲ့ပဲဆိုင်တယ်. ကိုယ်နဲ့မဆိုင်ဘူး…
အဲဒီလို ပြဿနာကင်းတဲ့ အခြေအနေမျိုးရောက်အောင် တဖက်ချိတ်ပြတ်တဲ့အလုပ်ဖြစ်တဲ့ ဒိဋ္ဌိပြုတ်တဲ့အလုပ်ကို လုပ်ကြပါလို့ စေတနာရှေ့ထား တိုက်တွန်းလိုက်ရပါတယ်…








%d bloggers like this: