အကောင်းနှင့်အဆိုး

26 12 2011

လောက၌ အယုတ်နှင့်အမြတ်၊ အနိမ့်နှင့်အမြင့်၊ အပင့်နှင့်အထောင်း၊ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး စသည်တို့သည် အစဉ်ဒွန်တွဲ၍ တည်ရှိနေကြသည် မှန်၏။

သို့ရာတွင် မည်သည့်အရာသည် အဆိုးဖြစ်၍ မည်သည့်အရာသည် အကောင်းဖြစ်သနည်း။ ဘ၀တွင် အဆိုးနှင့် အကောင်းတို့ကို ခွဲခြားသိရန် အလွန်အရေးကြီး၏။

အမှောင်ကို ထောက်ချင့်၍ အလင်းကိုသိအပ်သလို အဆိုးကို ထောက်ချင့်ပြီးမှ အကောင်းကို သိရာသလော။

အိုင်းစတိုင်း၏ ဆက်သွယ်မှုသီအိုရီ (Einstein’s Theory of Relativity) အရ ရည်ညွှန်းချက်ဘောင် (Reference-Frame) တစ်ခုကို စိတ်ကြိုက်ရွှေးချယ်သတ်မှတ်ပြီးမှ အရာရာ၏တန်ဖိုးကို ဆုံးဖြတ်နိုင်သလော။ ဥပမာ ရှေ့အရပ်ကို သတ်မှတ်ပြီးမှ ၎င်း၏ဆန့်ကျင်ဘက် အရပ်ကို အနောက်မျက်နှာဟု ခေါ်ဆိုမည်လော။ အရှေ့အရပ်မရှိဘဲနှင့် အနောက်မျက်နှာသည် သီးခြားရှိနိုင်သလော။

ထိုနည်းတူ အဆိုးတရားတစ်ခုကို ကိုးကားချက်ပြုပြီးမှ ထိုအဆိုးတရားလောက် မဆိုးသောအရာကို အကောင်းတရားဟု သတ်မှတ်မည်လော။ စံသတ်မှတ်ထားသော အကောင်းတရားတစ်ခုလောက် မကောင်းသည့် အရာဟူသမျှကို အဆိုးတရားချည်းဟု သတ်မှတ်မည်လော။

အဆိုးတရားနှင့် အကောင်းတရားတို့သည် တစ်ခုပေါ်တစ်ခု မမှီခိုဘဲ သီးခြားတည်ရှိနိုင်ကြသလော။ မည်သည့်ရည်ညွှန်းချက်ဘောင်မှ ရှုကြည့်စေကာမူ အဆိုးတရားသည် အစဉ်ဆိုးယုတ်၍ အကောင်းတရားသည် အစဉ်ကောင်းမွန်ပါသလော။

မည်သို့သော သဘောတရားများကို ကောင်းသည်၊ မည်သို့သော သဘောတရားများကို ဆိုးသည်ဟု သတ်မှတ်မည်နည်း။

အဆိုးနှင့်အကောင်းကို ခွဲခြားသတ်မှတ်ခြင်းသည် လွယ်ကူသောအလုပ် မဟုတ်ပါ။ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများပင်လျှင် အခက်အခဲ ကြုံတွေဲခဲ့ကြရ၏။ တစ်ဦးနှင့်တစ်ဦးလည်း အယူအဆချင်း မတူညီကြပါ။ တစ်နည်းဆိုသော် အကောင်းနှင့်အဆိုးကို ခွဲခြားသတ်မှတ်ရန်အတွက် ကမ္ဘာ့တွေးခေါ်ရှင်ကြီးများသည် ယခုတိုင်ပင် အချင်းချင်း ငြင်းခုံနေကြဆဲဖြစ်၏။

သာဓကပြရသော် တရားမျှတမှုသည် ကောင်း၍ မတရားခြင်းသည် ဆိုးသည်ဟု ကမ္ဘာ့တွေးခေါ်ရှင်တို့ သတ်မှတ်ခဲ့ကြ၏။ သို့ရာတွင် မည်သို့သော အခြင်းအရာသည် တရားမျှတ၍ မည်သို့သော အခြင်းအရာများသည် တရားမျှတမှုမရှိဟု သတ်မှတ်ရာတွင် သဘောတူညီမှု မရကြချေ။

တရားမျှတမှု (Justice) ကိုရှေ့တန်းတင်၍ ဟောပြောခဲ့ကြသော ရှေးဂရိတွေးခေါ်ရှင်ကြီး ပလေတို (Plato) နှင့် အရစ္စတိုတယ် (Aristotle) တို့ကိုယ်တိုင်ပင်လျှင် စစ်သုံ့ပန်းများကို ကျွန်အဖြစ်ခိုင်းစေခြင်းသည် တရားမျှတသည်ဟု ကြွေးကြော်ခဲ့ကြ၏။

လူလူချင်းကျွန်ပြုသော စနစ်သည် တရားမျှတမှုမရှိဟု ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ယနေ့တညီတညွှတ်တည်း လက်ခံထားကြ၏။

သို့ဆိုလျှင် ယခုစာဖတ်သူများသည် အကောင်းနှင်အဆိုးကို ခွဲခြားသိကြပါသလော။

မည်သို့သောအလုပ်သည် ကောင်းမှုဖြစ်၍ မည်သို့သော အလုပ်သည် မကောင်းမှုဖြစ်ပါသနည်း။………..

မှတ်ချက်။ ။အဖိုးတန်ဆုံးဘ၀ပညာစာအုပ်မှ……

Advertisements




အမှားနဲ့အမှန်

10 03 2010

ကျွန်တော်တို့လူတွေက လူတန်းစားအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး၊ အမျိုးမျိုးပေါင်းတွေကို အများကြီးအမျိုးမျိုးရှိကြတယ်။ လူအနေနဲ့ကြည့်လို့သာ လူအမျိုးမျိုးဖြစ်သာ.. သတ္တ၀ါအနေနဲ့ဆိုရင် သတ္တ၀ါအမျိုးမျိုးပေါ့.. အဲလို အမျိုးမျိုးသော အမျိုးပေါင်းများစွာတွေထဲမှာ ထင်မြင်ယူဆချက်၊ ခံယူချက်၊ ယုံကြည်ချက်တို့လည်း အမျိုးမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး။ ကိုယ်ယုံကြည်ရာ အားသန်ရာကိုပဲလိုက်နေကြတာပဲ.. ကိုယ်ယုံကြည့်ရာပဲ အားထားပြီး ကိုယ်ယုံကြည်ရာကိုပဲ အမှန်လုပ်ထားကြတာပဲ။ ကိုယ်ယုံကြည်တဲ့အရာက ကိုယ်ယုံကြည်တဲ့အတွက် ကိုယ်ကတော့ အမှန်ပဲ။ ကိုယ်ဟာက မှန်တယ်ဆိုရင်တော့ သူများဟာက အမှားဖြစ်ချင်လည်းဖြစ်မယ် ကိုယ့်လောက်မမှန်တာလည်းဖြစ်ချင်ဖြစ်မယ် သူ့လက်အောက်ကလည်းဖြစ်ချင်ဖြစ်မယ် လို့ပဲယူဆကြမှာပဲ။ အဲဒီလို အကုန်လုံးက ကိုယ့်ဟာကိုယ် အမှန်လုပ် သူများကို အမှားလုပ်နေကြမယ်ဆိုရင် အားလုံးကလည်း မတူကြဘူး တချို့တွေက တခြားစီ တချို့က ခပ်ဆင်ဆင် တချို့ကသံတူကြောင်းကွဲ. တွေမို့ အမှန်တွေက အများကြီးဖြစ်ပြီး အမှားတွေက လည်းအများကြီးပဲ။ ဘယ်သူကတကယ် အမှားလဲ ဘယ်သူကတကယ် အမှန်လဲ။ အားလုံးကလည်း ဖြေမှာပဲ ကိုယ့်ဟာက အမှန်။ ကိုယ့်ဟာအမှန်ဆိုရင် သက်သေပြ ဘာကြောင့်ကိုယ့်ဟာက မှန်သင့်တာလဲ။ ဘယ်အချက်တွေကြောင့် သူများဟာတွေက အမှားဖြစ်ပြီးတော့ ဘာတွေကြောင့် မပြည့်စုံသေးတာလဲ။ ကိုယ့်ဟာနဲ့ကိုယ်ကတော့ ကိုယ့်ဆင်ခြေလေးနဲ့ကိုယ်ပဲ မရမကမှန်နေတော့မှာလား။ ကိုယ်ထင်ကုတင်ရွှေနန်း ဆိုသလို တကယ့်နန်းတော်မဟုတ်ပဲ နန်းတော်လုပ်ထားနေကြတာလား။ ကိုယ့်ဟာအမှန်လုပ်ရင်းနဲ့ကောရန်ဖြစ်ကြဦးမှာလား.. ကိုယ့်ဟာ အမှန်လုပ်ဖို့ကော ကိုယ့်မှာလုံလောက်တဲ့ အချက်အလက်တွေ ရှိပြီလား. ကိုယ့်မှာလုံလောက်တဲ့ အချက်အလက်တွေမရှိရင်တော့ ကိုယ်က ကိုယ်ဟာလည်း အမှန်လုပ်ချင်တယ်ဆိုရင်တော့ ဘူးခံငြင်းရုံပဲရှိတော့တယ်.  အဲဒီတော့ ဘယ်သူ့ဟာမှန်တယ် ဘယ်သူ့ဟာတော့ဖြင့်မှားတယ်ဆိုပေါ်ချင်ရင်တော့ အမှားအမှန်စစ်တဲ့ စံလေးနဲ့ အကဲဖြတ်မှပဲ ပေါ်လာနိုင်တော့မှာပါ..

အမှားမှာကတော့ချွင်းချက်ရှိတယ်.. ဘာချွင်းချက်လဲဆိုတော့ သူမှာ တစ်ချို့သောနေရာမှာသုံးလို့ရပြီးတော့ တစ်ချို့နေရာမှာတော့ သူကမမှန်ဘူး..

အမှန်မှာကတော့ ချွင်းချက်မရှိ.. မှန်တယ်ဆိုရင်သူက ဘာမှမရော. မှန်တော့မှန်တယ် ဒါပေမယ့်ရောနေရင် အမှန်မဟုတ်တော့.. သူ့ကို အမှားထဲထည့်လိုက်. ဘာလို့လဲဆိုတော့ အကုန်မှန်လို့.. မှန်တယ်ဆိုရင် တစ်ဦးတစ်ယောက် အတွက်တင်မှန်တာမဟုတ် ဘယ်သူဘက်ကကြည့်ကြည့်မှန်နေရမယ်.. အမှန်ကတော့ သူကအမှန်မို့လို့ အကုန်လုံးအတွက် အမြဲတသမတ်တည်း မှန်နေမှာပဲ။ သူကအမှားကြိုက်မိလို့ အဲဒီအမှန်ကို မမှန်ဘူးလို့ယူဆတာတော့ သူ့ပြဿနာ.. အမှန်ကတော့ အမြဲမှန်နေမှာပဲ.

ကိုယ့်ယုံကြည့်မှုတွေသည် ကိုယ်က တကယ့်အမှန်ကိုသိလို့ အမှန်လုပ်ထားတာလား.. တကယ်အမှန်မသိသေးပဲ ယုံကြည်မှု သက်သက်နဲ့ ကိုယ့်ဟာအမှန်လုပ်ထားတာလား.. ဥပမာအားဖြင့် ပန်းထိမ်ဆရာမို့လို့ ပန်းထိမ်ပညာတတ်မှာပဲလို့ သူ့ပညာကိုယုံကြည်ထားတာလား.. ဒါမှမဟုတ် သူ့အရည်အချင်းကို တွေ့လို့ သူကပန်ထိမ်ပညာတတ်တယ်လို့ယုံကြည်တာလား.. ကိုယ်က သူ့အရည်အချင်းလည်းမတွေ့သေးပဲနဲ့တော့ သူပန်းထိမ်ပညာတတ်တယ်လို့ယုံကြည်တာကော နည်းနည်းမလွန်ဘူးလား.. မျက်ကန်းယုံကြည်မှုမျိုးကို ဆိုလိုသည်.. ကိုယ်တိုင်သူ့လုပ်ရည်ကိုင်ရည်ကို တွေ့မှ ကိုယ်တိုင်တွေ့လို့ ကိုယ်တိုင်ကြုံလို့ ယုံကြည်တာကမှ ခိုင်ခိုင်မာမာယုံကြည်မှုမျိုးဖြစ်မှာ. . အဲဒါမှ ကိုယ်ယုံကြည်တာက အမှန်ဖြစ်မှာ။

အမှန်ကို အမှန်တိုင်းတွေ့ပြီး အမှန်လို့ယုံကြည်မှ ကိုယ့်ယုံကြည်မှုသည် အမှန်… ဘာကြောင့်အမှား အမှန်ကို ခွဲရတာတုန်း.. ကိုယ့်ဟာနဲ့ကိုယ် မှန်နေရင်မပြီးဘူးလားလို့တော့ မေးလို့ရပါတယ်.. ဘာကြောင့်အမှားအမှန်ခွဲတာလဲဆိုတော့ အမှားလမ်းကို လိုက်သူကို အမှားလိုက်လို့ရောက်ရမယ့်နေရာကို ပို့ပြီးတော့ အမှန်က အမှန်လမ်းလိုက်သူကို အမှန်လမ်းသွားခြင်းကြောင့်ရောက်ရမယ့်နေရာကို ပို့ဆောင်ပေးတတ်လို့ သူ့ကို မကောင်းသဖြင့် မကျရောက်အောင်လို့ ကိုယ်ရွှေးချယ်တဲ့လမ်း မှန်တယ် မမှန်ဘူးဆိုတာကိုတော့ စီစစ်သင့်တယ့်.. အဲလိုမှကိုယ်က မစီစစ်ပါဘူးဆိုရင်တော့ ကိုယ်က အမှားလမ်းပေါ်လျှောက်မှန်လည်းမသိ အမှန်လမ်းကို လည်းမသိတဲ့အတွက် မကောင်းသဖြင့်ရောက်ရမယ့်နေရာရောက်မှာစိုးတဲ့အတွက် ကိုယ်အမှန်လမ်းပေါ် ရောက်နေပြီလို့ ကိုယ်တိုင်မသိမချင်း အမှန်နဲ့အမှားကို စီစိသင့်တယ်.. ကိုယ်က အမှန်ပေါ်လုံးလုံးရောက်ပြီလို့ ကိုယ်တိုင်အမှန်ကို ကြုံလို့ ကိုယ်တိုင်မြင်တော့မှ ကိုယ်က အမှားလမ်းကိုရှောင်သွားပြီလို့သိမှာ.. အဲဒီလို အမှန်ကို ကိုယ်တိုင်မကြုံမချင်း အမှားလမ်းကို  မှားတယ်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ဘူး.. အမှားကို အမှားလို့ ဆုံးဖြတ်ချက်မချနိုင်မချင်း အမှားကို မလိုက်ပါဘူးဆိုတာလဲ ဖြစ်လာမှာမဟုတ်ဘူး..အဲဒီလိုဆိုရင်လည်း အမှားလမ်းကိုလိုက်မိတဲ့အတွက် အမှားလိုက်လို့သွားရမယ့်နေရာတော့ဖြင့် သွားရ ရောက်ရတော့မှာပဲ..

ကိုယ်ကတကယ့် တကယ် အမှန်လမ်းပေါ်ရောက်မှ အမှန်လမ်းပေါ်ရောက်မှန်းသိပြီး အမှားလမ်းကို ရှောင်သွားပြီလို့သိနိုင်တော့မှာဖြစ်ပါတယ်..





အမှားနဲ့အမှန်

9 03 2010

အမှားနဲ့အမှန်ဆိုတာ တွဲပြီးသာပြောကြတယ် တကယ်တမ်းတော့ သူတို့တွေက ဓာတ်သဘော သတ္တိအရတော့ ဆန့်ကျင်ဘက်တရားတွေပဲ။ ဘယ်လိုမှပေါင်းစပ်လို့ ရတဲ့အရာမဟုတ်ဘူး။ တစ်ခုရှိနေရင် နောက်တစ်ခုကလည်းမရှိဘူး.. မီးများတဲ့နေရာမှာ ရေခမ်းခြောက်ရသလို ရေများတဲ့နေရာမှာလည်း မီးပျောက်ရတယ်.. ကျောချင်းကပ်ပြီး ဦးတည်ရာကတော့ ဆန့်ကျင်နေသလိုမျိုး နေတော့နီးနီးကပ်ကပ် သွားတော့ဆန့်ကျင်ဘက်.. အဲဒီတော့ကိုယ်က သူတို့နှစ်ယောက်ကို ခွဲခွဲခြားခြားမသိရင် အမှားကို အမှန်လုပ်ပြီး အမှန်ကို အမှားလုပ်နိုင်တယ်.. သူတို့တွေက တစ်ယောက်တစ်လမ်းစီသွားတယ်ဆိုတော့ တစ်ဖက်ကိုလိုက်သွားရင် ဘယ်တော့မှ နောက်တစ်ဖက်ကို မရောက်နိုင်တော့ဘူး ဆိုတာတော့ အသေအချာပဲ.. အမှားလမ်းကိုလိုက်သွားရင် အမှားကပို့ဆောင်ပေးတဲ့နေရာကိုရောက်ပြီးတော့ အမှန်လမ်းကိုလိုက်ရင်တော့ အမှန်လမ်းကပို့ဆောင်တဲ့ နေရာကိုရောက်ရမှာပဲ။ အမှားသည်မကောင်းသောလမ်း အမှန်သည်ကောင်းသောလမ်း… သူ့ဆိုင်ရာလမ်းကိုလိုက်ရင်ဖြင့် သူ့ဆိုင်ရာနေရာကိုတော့ မရောက်ချင်လည်း ရောက်ရမှာပဲ.. ရောက်ချင်လည်း ရောက်ရမှာပဲ. ဆုတောင်းလည်းရမှာပဲ. မဆုတောင်းလည်းရမှာပဲ..

အမှားသည် မှားနေတဲ့အတွက် အမှန်ကိုမရောက်နိုင်သလို.. မှားတာကိုပင်လျှင် မှားတယ်လို့မသိနိုင်ပဲ ထိုအမှားပင် အမှန်လုပ်နိုင်သေး၏။ ထို့ကြောင့် အမှားသည်မှားနေတာကို မှားတယ်လို့မသိအောင်လုပ်နိုင်သလို မှန်တယ်လို့လဲ သူကလုပ်နိုင်လေသည်။ ထို့ကြောင့်အမှားလမ်းကို လိုက်သောသူ၏ အဖြစ်မှာ ကိုယ်တိုင်အမှားလမ်းပေါ်လျှောက်နေတာတောင် သူ့ကိုယ်သူ မှန်တယ်လို့ ယူဆထားသောကြောင့် အမှားလမ်းကပို့ဆောင်သော နေရာကိုဖြင့် ရောက်ရတော့မည်။ ထိုသို့မရောက်သေးခင်ကာလအတောအတွင်းမှာတော့ အမှားကပို့ဆောင်သောနေရာကို မရောက်သေး အမှားလမ်းကို လိုက်ခြင်း၏ မကောင်းကျိုးကိုလည်း မမြင်မတွေ့ရသေးသောကြောင့် အမှားကိုကြောက်ပြီး အမှားကိုပြင်မယ်ဆိုတဲ့စိတ်လည်းမပေါ် … အမှားပြင်မယ့်စိတ်မပေါ်တော့လည်း အမှားပြင်မယ်ဆိုပြီးအားထုတ်မှုလည်းမလာ.. ထိုကဲ့သို့အားထုတ်မှုမရှိသောကြောင့်လည်း အမှားလမ်းကိုခေါက်ပြီး အမှန်လမ်းကိုမရောက်… အမှန်လမ်းမရောက်ဘူးဆိုတော့လည်း အမှန်လမ်းက ပို့ဆောင်တဲ့နေရာကိုလည်း မရောက်နိုင်တော့ချေ။ အမှား၏အပြစ်များသည် ကြောက်စရကောင်းလေစွ။

အမှန်သည် မှန်နေသောကြောင့် ဘယ်သူတွေဘယ်လိုပင် နာမည်တပ်စေကာမူ အမှန်သဘောကို မစွန့်.. အမြဲမှန်နေလေသည်.. မီးသည် ပူသည့်သဘောရှိသည့် အတွက် သူ့ကိုအအေးသဘောဆောင်သည့်ဘောဖြင့် အအေးကိစ္စကိုဆောင်ရွက်ခိုင်းစေကာမူ သူသည် အအေးသဘောကိုမလိုက်ရုံသာမက အပူသဘောကို မစွန့်.. ထို့ကြောင့် အမှန်ကို မည်သို့ပင် မှားသည်ဟု ပြောစေကာမူ အမှားဟူ၍သာ ပညတ်ခံရရုံသာရှိသည်.. အမှန်သဘောကတော့ စွန့်မည်မဟုတ်ပေ။ ပတ္တမြားမှန်လျှင် နွံမနစ်သကဲ့သို့တည်း…

ကျွန်တော်တို့သည် အမိဝမ်းတွင်းမှထွက်လာကတည်းက သိသင့်သိထိုက်တာတွေကို သိပြီးမှ မွေးဖွားလာသည်မဟုတ်။ မွေးလာကတည်းက ဘာမှမပါခဲ့ပေ။ တဖြည်းဖြည်းချင်း သင်ယူပြီးမှ တတ်မြောက်လာကြခြင်းသာဖြစ်သည်။ ထိုသို့ သင်ယူမတတ်မြောက်ခင် ကိုယ်သင်မည့် ပညာသည် မှားသည်မှန်သည်ဟု ခွဲခြား မသိခဲ့ကြပေ.. မိဘကဖြစ်စေ ဆရာသမားကဖြစ်စေ အမှား အမှန်ကို ခွဲခြားတတ်အောင်သင်ကြားပြသပေးမှသာလျှင် အမှားနှင့် အမှန်ကို ခွဲခြားနိုင်ပေမည်။ ထိုကဲ့သို့ သင်ကြားပြသပေးမည့်သူ မရှိပါက မည်သည်က အမှား မည်သည်ကအမှန်ကို မခွဲခြားနိုင်တော့ပေ။ ထိုကဲ့သို့ အမှားအမှန်ကို မခွဲခြားတတ်သောသူသည် မျက်စိကန်းသောသူနှင့် တူသည်။ မျက်စိကန်းသောသူသည် လမ်းကောင်း လမ်းဆိုးကို မမြင်ရသောကြောင့် လမ်းဆိုးကို ရှောင်ပြီး လမ်းကောင်းကို  မရွေးနိုင်ချေ။ ထိုသို့ လမ်းကောင်း လမ်းဆိုး မရွှေးနိုင်သောကြောင့် ထိုမျက်စိကန်းသောသူ လမ်းသွားရာတွင် လမ်းကောင်းပေါ်လည်းရောက်နိုင်သလို လမ်းဆိုးဘက်လည်းရောက်သွားနိုင်လေသည်။ လမ်းကောင်းပေါ်ရောက်လျှင်လည်း ခဏတဖြုတ်သာ ရောက်ပြီး များသောအားဖြင့် လမ်းဆိုးနဲ့သာတိုးနေပေမည်။ မျက်စိကန်းနေသောကြောင့် ဆူးပုံတွေ့လည်းနင်း မစင်ပုံလည်းနင်း ခလုတ်လည်းမရှောင်တတ် ချောက်ကမ်းပါးနှင့်တွေ့လည်း ကျဖို့သာရှိနေပေသည်။ ကန်းနေသောကြောင့် နေ၊လ၊ကြယ်တာရာတို့ အထင်အရှား ရှိနေပါလျက် မမြင်ရ မတွေ့ရချေ။ နေ၊လ၊ကြယ်တာရာတို့ကို မတွေ့ခြင်းသည် နေ လ တို့မရှိခြင်းကြောင့်မဟုတ်၊ ကန်းနေသောအဖြစ်ကြောင့် ဖြစ်သည်။ထို့ကြောင့် အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရေးသည် သွန်သင်ဆုံးမတတ်သော ဆရာသမား၏အရေးဖြစ်သည်။ ကန်းနေသောသူအား မျက်စိအရင်ကုသကဲ့သို့တည်း။ မျက်စိအလင်းရမှသာလျှင် လမ်းမှန် လမ်းမှားကို ရွှေးချယ်နိုင်ပေမည်။ ထို့ကြောင့် လမ်းမှန် လမ်းမှားမရွှေးခင် မျက်စိအလင်းရအောင်အရင်လုပ်သင့်ပေသည်။ လမ်းမှန်လမ်းမှား ရွှေးခြင်းသည် အကန်း၏အရာမဟုတ်၊ မျက်လုံးမြင်သောသူ၏အရာသာဖြစ်သည်။မျက်စိနှစ်ကွင်းအလင်းမရခင် လမ်းကိုမရွှေးပဲ မျက်လုံးမြင်မှသာ လမ်းရွှေးသင့်ပေသည်။ ထို့ကြောင့် အမှားအမှန် မရွှေးခင် အမှားအမှန် ရွှေးတတ်သော ဥာဏ်မျက်လုံး အလင်းရအောင် ဆရာသမားများအကူအညီဖြင့် အကန်းကို အရင်ကုလိုက်ရင်ဖြင့် ပညာမျက်စိ အလင်းရကာ ဒီဟာသည်အမှား ဒီဟာသည်အမှန် ဟုကိုယ်တိုင် ခွဲခြားနိုင်မည်ဖြစ်သောကြောင့် အကန်းကို အရင်ကုသသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။








%d bloggers like this: