လှိုင်းလုံးကြားက ကျွန်တော်

11 12 2010

ရောက်နေရတာက လှိုင်းလုံးကြား.. လေကြမ်းတိုက်လို့ လှိုင်းပုတ်တဲ့ဘက်ရောက်နေရတဲ့ အဖြစ်..

တောင်လေတိုက်လို့ လှိုင်းမြောက်ဘက်ပုတ်တဲ့အခါ မြောက်ဘက်ကို ရောက်နေရတယ်.. သောင်ကမ်းဆိုတာမြင်ဘူးဖို့ ဝေးစွ.. ဘယ်နားဆိုတာတောင် ကြံစည်လို့မရတဲ့အဖြစ်..

ဦးတည်ရာကူးခတ်ရင်း ငါး၊လိပ်၊မကန်း အန္တရာယ်တွေကို ထိတ်လန့်နေရတယ်..

ငါး၊လိပ်၊မကန်းတွေ မဆွဲခင် လှိုင်းကြားလေကြား ရုန်းကန်ရင်း ခိုစရာ တွဲစရာ ရရာလေးကို အားကိုးနေရတယ်..

သောင်ကမ်းမသိ ဖောင်ကောင်းမရှိလို့ ဒီဒုက္ခကလွတ်အောင် ကြိုးစားမယ်လို့လည်း မဖြစ်ခဲ့ဘူး..

ကြုံရာလေးမှီခိုရင်း မဆုံးနိုင်တဲ့ ခရီးကို ဆက်နေရတယ်..

မမြဲတဲ့ဖောင် ခိုမိလို့လည်း ဖောင်နဲ့အတူ မြုပ်ပေါင်းကလည်းမနဲ..

ဒုက္ခပေါင်းစုံကြား ပင်ပန်းတကြီး လက်ပစ်ကူးနေတဲ့အဖြစ်က သောင်ကမ်းပေါ်ကသူ အတွက်တော့ သနားစရာပေါ့..

တွေ့ရာကြုံရာဖောင်လေးကို ခိုရင်း ဖောင်မပျက်ခင်တော့ အားကိုးရာပေါ့.. အားကိုးရာလေးကိုပဲ တွယ်တာရင်း ဖောင်ပျက်ရင် လိုက်မြုပ်မယ်ပေါ့..

အင်း……. ဖောင်ကောင်းလေးရတုန်း. သောင်ကမ်းလေး တည်ရာကို သိတုန်း ငါး၊လိပ်၊မကန်း မဆွဲခင်တော့ ဒီတစ်ခေါက် သောင်ပေါ်ရောက်အောင်တော့ အားလေးစိုက်မှ ဖြစ်တော့မယ်…

မဟုတ်ရင်တော့……………



ပင်လယ် = သံသရာ

လှိုင်းလေ = လောကဓံ

ငါး၊လိပ်၊မကန်း = ဇရာ၊ဗျာဓိ၊မရဏ

မကောင်းသောဖောင် = ကာမဂုဏ် ၊ အယူမှား

ဖောင်ကောင်း = မဂ္ဂင်

သောင်ကမ်း = နိဗ္ဗာန်

Advertisements







%d bloggers like this: