လမ်းလျှောက်ရင်း လမ်းပျောက်သူများ

24 02 2010

နေရာတစ်ခုကို ကိုယ်ကသွားချင်တယ်၊ အဲဒီနေရာကိုရောက်ချင်တယ် ဆိုရင်တော့ အနည်းဆုံးတော့ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာကို သွားတဲ့အလုပ်လေးတော့ လုပ်မှဖြစ်မယ်…. မသွားပဲနေရင်တော့ ဘယ်လိုနည်းနဲ့မှ ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး…. ရောက်ချင်တဲ့ဆန္ဒရှိရုံ ထိုင်ဆုတောင်းနေရုံလောက်နဲ့တော့ ရောက်မှုဆိုတာက မဖြစ်နိုင်ဘူးလေ။ သွားမှုကသာ ရောက်ခြင်းရဲ့ အဓိက အနီးကပ်ဆုံး အကြောင်းတရားပဲ။ ဆန္ဒတွေ ဆုတောင်းတွေက ဝေးသောအကြောင်းတရားတွေပါ။ သူတို့လောက်နဲ့တော့ ကိုယ့်ကို တိုက်ရိုက်ရောက်အောင် မပို့ပေးနိုင်ဘူး။ ဥပမာဆိုကြပါစို့. . လမ်းသွားမယ့် ခရီးစရိတ်တွေ ကား၊ ယာဉ်စတဲ့ လက်မှတ်တွေ ရှိထားရုံနဲ့ အဲ့ဒီလက်မှတ်တွေက ကိုယ့်ကို ပို့ပေးတာမဟုတ်ပါဘူး.. အဲဒီလက်မှတ်တွေကို အသုံးချပြီးတော့မှ ကိုယ်က အဲဒီယာဉ်ကို စီးနှင်းလိုက်ပါသွားမှ အဲဒီယာဉ်က ကိုယ့်ကို ကိုယ်လိုရာ ကို ပို့ဆောင်ပေးမှာပေါ့… ဒါကြောင့် လက်မှတ်ရှိရုံ ယာဉ်တွေအဆင်သင့်ရှိနေရုံနဲ့ ရောက်တာမဟုတ်ဘူးလို့ ဆိုလိုတာပါ… စီးနှင်းလိုက်ပါခြင်းသာလျှင် လိုရင်းအကျဆုံးပါပဲ။ ဆိုက်ရောက်ခြင်း၏ အကြောင်းပါပဲ။

ကဲ..ဒါဆိုကိုယ်ရောက်ချင်တဲ့နေရာကို သွားကြမယ် အဲဒီခရီးကို စလျှောက်မယ်လို့ဆိုပြီး စလျှောက်ရုံနဲ့တင်ကောရောက်နိုင်မှာလား…..? ကိုယ်က ခရီးသာလျှောက်ချင်တာ ကိုယ်လျှောက်ရမယ့်ခရီးကို မသိဘူး လမ်းကို မသွားခင်ကတည်းက ကြိုမသိထားဘူးဆိုရင် ဘယ်လမ်းကစပြီး ဘယ်လမ်းကိုဝင်ကြမှာလဲ….ကိုယ့်အတွေးထဲမှာလဲ လမ်းကိုကောင်းကောင်းမသိထားတဲ့ အတွက် ဘယ်ဘက်လမ်းကအမှန်လား ညာဘက်လမ်းကအမှန်လား စတဲ့ သို့လော သို့လော သံသယတွေနဲ့ လမ်းတောင်စလျှောက်ဖို့ရာအတော်ပင်ခက်ခဲနေပြီ။ သွားရမယ့် လမ်းမသိလို့ ရောက်မှုကြီးကအခက်ခဲဆုံးဖြစ်နေလေတော့သည်။ ကိုယ်ကလမ်းမှမသိပဲ သွားလိုက်ပါတော့မယ် လမ်းစလျှောက်ပါတော့မယ်ဆိုရင် ကိုယ်ကမသိတဲ့အတွက် လျှောက်တဲ့လမ်းက လမ်းမှားလဲရောက်သွားနိုင်တယ်. လမ်းမှန်အပေါ်လည်း ရောက်သွားနိုင်တယ်… လမ်းမှားရောက်ဖို့ကတော့ အသေအချာဆုံးပဲ.. လမ်းမှလျှောက်မှားပြီဆိုရင်တော့ ဘယ်တော့မှ လိုရာမရောက်နိုင်တော့… မလိုရာပဲရောက်တော့မည်….အဲဒီတော့ လမ်းမသွားခင် အရင်ဆုံး သွားရမယ့် လမ်းလေးဖြောင့်ဖြေင့်တန်းတန်း ချောချောမွေ့မွေ့သွားနိုင်ဖို့ လမ်းကိုတော့အရင်သိထားဖို့လိုအပ်တယ်… လမ်းကိုသိပြီဆိုမှ နောက်ဆံမတင်းပဲ တစိုက်မတ်မတ် သွားနိုင်တော့မည်ဖြစ်ပါတယ်…အဲဒီလို လွယ်လွယ်ကူကူ သွားနိုင်ဖို့အရင်ဆုံး မသွားခင် လမ်းလေးတော့ အရင်ဆုံးမေးမြန်းဖို့ကောင်းပြီ။ ဒါကိုထောက်ခြင်းအားဖြင့် လမ်းမေးဖို့က နံပါတ်တစ်ပါလား.. လမ်းလျှောက်တာက နံပါတ်နှစ်ပါလားဆိုတာ ပေါ်လာပြီ.. အဲလိုမှမဟုတ်ပဲ လမ်းမမေးတော့ပါဘူး..လျှောက်ပဲလျှောက်ပါတော့မယ်ဆိုရင်တော့ နံပါတ်နှစ်လုပ်ရမှာကို နံပါတ်တစ်လုပ်လိုက်လို့ အဆင့်ကျော်လိုက်လို့ လိုရာခရီးကိုမရောက်နိုင်ပဲဖြစ်နေတော့တာပါပဲ… ဘယ်အရာမဆို သူ့အဆင့်နဲ့သူ လုပ်မှ အောင်မြင်မယ်ဆိုတာလဲ သိနေကြတာပဲ..

ကဲ..အခုသူ့အဆင့်နဲ့သူလုပ်ကြမယ်ဆိုတော့. လမ်းစမေးကြတာပေါ့.. လမ်းမေးရင်ကောဘယ်သူ့ကိုမေးမှာလဲ.. သိတဲ့သူရှိသလို မသိတဲ့သူတွေလဲရှိတယ်..ရောင်ဝါးဝါးသိတဲ့သူတွေလဲရှိသေးတယ်.. သူတို့ကကိုယ့်ကို ကောင်းကောင်းလမ်းမပြပေးကြရင်လည်း သွားရာလမ်းခရီးက မဖြောင့်ဖြူးနိုင်ဘူးလေ.. လမ်းခရီးဖြောင့်ဖြူးဖို့က ကောင်းကောင်းလမ်းညွှန်တတ်တဲ့သူနဲ့မှ ဖြစ်မယ်.. လမ်းညွှန်တဲ့သူက သူကိုယ်တိုင်လည်း မရောက်ဖူးဘူး.. သူသိထားတဲ့လမ်းကလည်း ကွေ့ကောက်နေတဲ့လမ်းဆိုပြန်ရင်လည်း သွားသူကိုယ့်မှာ လမ်းဘေးရောက်ဖို့နဲ့ လမ်းကြောရှည်ပြီး ကြမ်းတမ်းနေမယ်လေ.. လမ်းညွှန်ကောင်းကိုရှာတွေ့ဖို့ဆိုတာကလည်း အတော်မလွယ်တဲ့အရာပဲ….. မရှာပြန်ရင်လည်း မရောက်နိုင်ပြန်ဘူး.. ရှာမှားရင်လည်း ကိုယ့်မှာ ဒုက္ခရောက်ရဦးမယ်.. တော်တော်လည်းအကျဉ်းအကျပ်ထဲ ရောက်နေကြပါလား… ကိုယ်ကကြိုးစားပြီ့း ရှာမယ်ဆိုပြီးတော့ လမ်းသိသူတွေနောက်ကို လိုက်နေမှ… မဟုတ်ရင် မရှာတော့ပဲ ရပ်ချင်လည်းရပ် ဆင်ခြေလေးနဲ့ နောက်ဆုတ်ချင်လည်းဆုတ်နေမှာမို့လို့ အားလေးတင်းပြီးတော့ ကြိုးစားနေဖို့တော့ လိုအပ်တယ်..

လမ်းမေးတဲ့အရာမှာ အကောင်းဆုံးက ရောက်ဖူးသူတွေကို မေးတာ အကောင်းဆုံးပါပဲ… သူတို့ကရောက်ဖူးတော့ သူတို့လာခဲ့တဲ့လမ်းကိုတော့ ကောင်းကောင်းညွှန်တတ်ကြမှာပါပဲ.. သူတို့ပြတဲ့လမ်းအတိုင်း သူတို့လျှောက်ခဲ့တဲ့ လမ်းအတိုင်း ကိုယ်က တသွေမသိမ်း လိုက်သွားရင်သူတို့ ရောက်သလို ကိုယ်လည်းရောက်ရမှာပေါ့… အဲဒါမှမဟုတ်ပဲ လမ်းညွှန်တဲ့သူကတော့ ညွှန်ပါတယ်.. ကိုယ်က ရှင်းပြတဲ့အချိန်မှာလည်း ဂရုမစိုက်လိုက်လို့ လမ်းကိုရှင်းရှင်းလင်းလင်းမသိခဲ့သော် ဒါမှမဟုတ် လမ်းပြသူကိုသံသယဖြစ်ခဲ့သော် လျှောက်ရတဲ့လမ်းကလည်း ချောမွေ့မှာမဟုတ်ပါဘူး…. လမ်းပြတဲ့သူကတော့ အမှန်ပြတာပါပဲ.. ကိုယ်ကမနာယူတတ်လို့ လမ်းခရီးနှောင့်နှေးရတယ်.. အဲဒီတော့ လမ်းပြတဲ့သူရှိတုန်း ကြိုးကြိုးစားစား လိုလိုချင်လေးလိုက်မှဖြစ်တော့မယ်..

ကဲ..အဲဒီလိုကြိုးစား အားထုတ်ပါမယ်ဆိုပြန်တော့ သူတို့ပြတဲ့လမ်းက လမ်းမှန်လား မမှန်ဘူးလားဆိုတာလည်းနည်းနည်းရွှေးချယ်ဖို့တော့လိုတယ်… သူတို့ကတော့ ပြောတော့ပြောတာပဲလေ.. ကိုယ်ကဘယ်လို ဆုံးဖြတ်မလဲ. မှန်တယ်မမှန်ဘူးဆိုတာ..

အင်း..တော်တော်ရှုပ်တာ.. အဆင့်ဆင့် ပြီးပဲ မပြီးနိုင်ဘူး.. ဒါကြောင့် လမ်းလျှောက်ရင်းလမ်းပျောက်နေကြတာ….

လမ်းမှန်တယ် မမှန်ဘူးဆိုတာတော့ ကိုယ်က ပြောတဲ့အတိုင်း သွားကြည့်လိုက်.. သူတို့က ဒီကနေ တည့်တည့် နာရီဝက်လောက်လျှောက်လိုက်ရင် ညောင်ပင်တွေ့မယ်.. ဆက်လျှောက် ရေကန်တွေ့မယ်.. . ရေကန်တွေ့ရင် ညာဖက်ချိုး တည့်တည့်ဆက်သွားလိုက်ရင် လမ်းဆုံ တစ်ခုရောက်မယ်.. အဲဒီလမ်းဆုံရောက်လို့ လှမ်းကြည့်လိုက်ရင် ကိုယ်သွားချင်တဲ့ မြို.ကို လှမ်းတွေ့ရမယ်..စသဖြင့် ညွှန်လိုက်လိုရှိရင်.. သူတို့ပြောတဲ့အတိုင်း စမ်းသွားကြည့်.. ပထမ နာရီဝက်လောက်လျှောက်လိုက်လို့ ပြောတဲ့အတိုင်း ညောင်ပင်တွေ့မယ် ဆိုရင်.. အင်း.ဒီထိတော့သူပြောတာမှန်ပြီဆိုပြီဆုံးဖြတ်ချက်တော့ ချလို့ပြီ.. ကိုယ်က စမ်းတော့ မလျှောက်ကြည့်ပဲ မှန်တယ်မှားတယ် ဝေဖန်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး… လမ်းသိရင် လမ်းတော့စလျှောက်မှဖြစ်မယ်လေ..

တကယ်လို့ကိုယ်က ရောက်ဖူးတဲ့သူနဲ့လည်းမတွေ့ဘူး.. သူတို့ကိုမရနိုင်ရင်တောင်မှ .. ရောက်ဖူးတဲ့သူဆီကနေ လမ်းမေးထားဖူးလို့ လမ်းကိုတိတိကျကျ သိနေသေးတယ်…သူကိုယ်တိုင်လည်း စသွားနေတယ်ဆိုရင်လည်း .. သူတို့တွေကို မေးပြီးသွားလို့ရပါတယ်.

လမ်းမေးပြီးမှ လမ်းသွားဖို့ကတော့အဓိကပေါ့….

ဒါကြောင့်မို့လို့ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင်လို့ လမ်းမေးပြီးမှ လမ်းသွားကြပါလို့ စေတနာရှေ့ထားပြီး တိုက်တွန်းလိုက်ပါတယ်…..

Advertisements







%d bloggers like this: