စွန့်လွှတ်ခြင်းနဲ့ ရယူမယ်

27 02 2010

ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြပါ… ဘ၀တစ်ခုရလာတယ်ဆိုတာ ဘာတွေရလာတာလဲလို့.. တစ်ဦးနဲ့တစ်ဦး ရလာတဲ့ ဘ၀ပုံစံခြင်းကွာခြားတာကို မြင်ကြမှာပါ.. တစ်ချို့က ပစ္စည်းဥစ္စာချမ်းသာတယ်.တစ်ချို့က ဆင်းရဲတယ်.. တစ်ချို့က ရုပ်ချောတယ်..တစ်ချို့က ရုပ်ဆိုးတယ်.. စသဖြင့် အများကြီးပဲ မတူညီကြ ကွဲပြားခြားနားကြတယ်.. ကွာခြားတယ်ဆိုကတည်းကလဲ တစ်ဦးတစ်ယောက်တွက်တော့ မှန်နေပေမယ့် အများတွက်တော့ မမှန်တော့ဘူးလေ.. တစ်ဦးတစ်ယောက်အတွက်ပဲမှန်ပြီး အများအတွက် မမှန်တော့ဘူးဆိုကတည်းကလည်း အမှန်အစစ်မဟုတ်နိုင်တော့.. သူများအနေနဲ့ယှဉ်ကြည့်ရင်မတူလို့ တကယ့်အမှန်အစစ် မဟုတ်တာတော့သေချာနေပြီ.. အဲဒီမှာ တစ်ယောက်နဲ့တစ်ယောက်မှာ တူညီတဲ့ အချက်တော့ရှိကြတယ်.. ပုဂ္ဂိုလ်၊သတ္တ၀ါမရွှေး၊ လူမျိုးမရွှေး၊ ဘာသာမရွှေး၊ နေရာဒေသမရွှေး၊ အချိန်ကာလအားဖြင့်လည်းမရွှေး၊ အဲဒီလိုဘာမှမရွှေးပဲ သတ္တ၀ါတွေမှာ ဘ၀ရလာပြီဆိုရင် တူညီတဲ့အချက်ကတော့ ဇာတိ၊ ဇရာ၊ မရဏ ပါပဲ.. ဘယ်သူပဲဖြစ်ဖြစ် ဘ၀စရင် ဇာတိကပဲ စရတယ်.. အပယ်(၄)ဘုံ၊ လူ(၁)ဘုံ၊    နတ်(၆)ဘုံ၊ ဗြဟ္မာ(၂၀)ဘုံ အားလုံးပေါင်း ၃၁ ဘုံ ကုန်ပြီ… ဘယ်ဘုံမှာပဲရ ရ ဇာတိက စရတာပဲ.. အဲဒီတော့ ဘယ်သူ့ကိုပဲ ကြည့်ကြည့် တူညီကြတာကတော့ ဇာတိ ဇရာ မရဏပါပဲ.. ဇာတိ ဇရာ မရဏ ဆိုတာကတဲ့ သူတို့က ဒုက္ခသစ္စာတဲ့.. မယုံရင်ရွတ်ကြည့်လိုက် ဓမ္မာစင်္ကြာ.. ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံမ္ပိ ဒုက္ခံ.. အဲဒီလိုလာတာကတစ်ကြောင်း ကိုယ့်မှာကလဲ အဲသလို ဖြစ်နေတာပါကြည့်ခြင်းအားဖြင့် ကိုယ်ရထားတဲ့ ဘ၀က ဇာတိ ဇရာ မရဏဆိုတဲ့ ဒုက္ခသစ္စာကြီးပဲဆိုတာပေါ်လာပြီ.. ဘာကြောင့်ဒုက္ခက သစ္စာနဲ့တွဲရသလဲဆိုတာကို နည်းနည်းလေး ရေးလိုက်မယ်.. အခု ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက် ဇာတိ၊ ဇရာ၊ မရဏ ထဲက ကိုယ်ကဘယ်အထဲရောက်နေသလဲ ဆိုတာကို.. အခုကျွန်တော်တို့က ဇာတိက လွန်ခဲ့ပြီး ဇရာထဲရောက်နေကြပြီ.. ဇရာဆိုတာ ဟိုအိုမင်းမစွမ်းမှ ရောက်တယ်လို့မယူလိုက်နဲ့.. အဲဒါက ဇရာက နိုင်လို့ထောင်းသွားတာ.. ဇရာဆိုတာ အိုတာကိုဆိုတာနော်..မေ့နေမှာစိုးလို့…. J အဲဒီဇရာကိုဘာလို့ ဒုက္ခလို့ပြောရတာလဲဆိုတော့ အိုတာဘယ်သူကြိုက်လဲ.. ကြိုက်တဲ့သူများရှိသေးလားမသိဘူး. ရှိတယ်ဆိုရင်တော့ မေးခွန်းလေးနည်းနည်းမေးမလို့ပါ.. ရှိမယ်တော့မထင်ပါဘူး.. ဘာလို့လဲဆိုတော့ မအိုချင်လို့ပဲ ရုပ်ပျိုဆေးတွေစားရတယ် ဆံပင်လေးနည်းနည်းဖြူလာရင် ဆေးဆိုးရတယ်.. မျက်နှာပေါ်မှာအတွန့်အရာတွေမရှိအောင်လို့ ခေတ်မှစက်ကိရိယာတွေနဲ့ လုပ်တယ်.. အစာလေးတစ်ခုကို အဲဒါစားရင် ရုပ်ရင့်တယ်ဆိုရင်ပဲ နောက်ဆိုရှောင်ပြီ မစားတော့ဘူး.. အသက်မေးရင်တောင်မှ how old are you လို့မသုံးချင်ကြဘူး. How young တဲ့.. အိုတာကို တော်လှန်ချင်တဲ့သဘောလေ.. အဲဒါတွေက ဘာလို့ဖြစ်ရတာလဲဆိုတော့ အိုတာကို မကြိုက်ကြလို့ဆိုတာတော့ ပေါ်လာပြီ.. မကြိုက်ဘူးဆိုမှတော့ ဒုက္ခပေါ့.. ဒါတောင်မှ ဘယ်သူတွေက ဘယ်လိုအိုခြင်းတရားတွေကို တော်လှန်နေကြသလဲဆိုတာတော့ မပြောတတ်ပါဘူး.. နီးစပ်ရာပဲ သတိထားကြည့်လိုက်ြက …နောက်တစ်ချက် ဇရာဆိုတာက ကိုယ့်ကို အိုအောင် ရင့်အောင် အမြဲတမ်းလောင်ကျွမ်းနေတာ.. အဲဒါကြောင့်မို့လို့ တဖြည်းဖြည်း ကိုယ်က ရင့်ရော်အိုမင်းတဲ့ဆီရောက်ရောက်လာတာ.. အခုဆို ကိုယ့်ကိုယ်ကို ကြည့်လိုက် ငယ်ငယ်ကလို အသားအရေတွေရှိသေးလားလို့..ဒီထက်ကြီးသွားရင်ဒီထက်ပိုဆိုးမယ်.. ကိုယ်ကလဲ မအိုချင် သူကလဲအိုအောင် လုပ်ဖို့ကသူ့တာဝန်ဆိုတော့ ဘယ်သူလာတားတားမရဘူး.. အိုထက်မကအို ရင့်ထက်မကရင့်အောင်လုပ်ပြီးတော့ သူက သေရာကိုပို့လိုက်တာပဲ.. အဲဒီတော့ ဇရာဆိုတာက ဘာလဲဆိုတော့ ကိုယ့်ကို အိုအောင်လုပ်ပြီး သေရာကိုပို့နေတာပါလားလို့..အိုတုံးကလဲမကောင်းဘူး. အိုစရာကုန်ပြန်တော့လဲ သူကသေရာလက်အပ်သွားတာပဲ.. ကိုယ့်ကိုကောင်းကျိုးပြုသွားတာ တစ်ခုမှမရှိဘူး.. အိုနေတုန်းကလည်း ကိုယ်ကအိုနေလို့ မနည်းပြုပြင်နေကြရတယ်.. ပြုပြင်ရင်းတန်းလန်းနဲ့လည်း အိုရာ က သွားနေတုန်းပါပဲ.. အိပ်နေတုန်းလဲ ကိုယ်ကသာအိပ်နေတယ်.သူကမအိပ်ဘူး. အိုသထက်အိုအောင်လုပ်နေတယ်.. အဲဒီအိုမှုဆိုတဲ့ ဇရာကြောင့် သေမှုဆိုတဲ့ မရဏရောက်ရတယ်.. သေတယ်လို့ပြောတာ.. အိုတုန်းကလဲ ဒုက္ခ. . သေပြန်တော့လဲ ဒုက္ခ… ဘာကြောင့်. အဲဒီဒုက္ခတွေက အမှန်ဖြစ်ရတာလဲဆိုတော့.. သူကတစ်ဦးတစ်ယောက်အတွက်ပဲ မှန်တာမဟုတ်ပဲ အများအတွက်ပါမှန်နေလို့ သူ့ကိုသစ္စာဖွဲ့ထိုက်တာပါ … အခု ကျွန်တော်တို့က ဇရာဒုက္ခနဲ့နေ နေကြပြီး မရဏဒုက္ခှဆီကို အရောက်သွားနေကြတယ်ဆိုရင် ငြင်းမရပါဘူး… သေဆုံးတယ် ပျက်စီးတယ်.. ဆုံးရှုးတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတွေမဟုတ်ပါဘူး.. သေတယ် ပျက်စီးတယ် ဆိုရင်ဘယ်သူမှ မကြိုက်ပါဘူး.. ပစ္စည်းတစ်ခုသွားဝယ်လို့ ရောင်းသူက ပျက်တတ်တယ်လို့ပြောပြီးရောင်းရင် ဘယ်သူမှဝယ်ချင်မှာမဟုတ်ပါဘူး. ဘာလို့လဲဆိုတော့ ပျက်တာကို မကြိုက်ကြလို့ပါပဲ.. မပျက်ခင်တော့လဲ မပျက်အောင်ထိန်းသိမ်းရတဲ့ဒုက္ခ ပျက်တော့လဲ ဆုံးရှုံးရတဲ့ဒုက္ခ.. ဘာမှမလွတ်ပါဘူး .ဒါကြောင့်အိုတုန်းလဲ ဒုက္ခသစ္စာ.. သေတော့လဲ ဒုက္ခသစ္စာ.. ဒါတွေကဘယ်မှာရှိနေတာလဲဆိုတော့ ကိုယ့်ခန္ဓာမှာရှိနေတာလေ.. ကိုယ့်ခန္ဓာကလည်း နေတုန်းက အိုဒုက္ခ သေပြန်တော့ သေဒုက္ခ.. သူများခန္ဓာကြည့်ပြန်တော့လဲ. အတူတူပဲ.. ဘယ်ခန္ဓာကြည့်ကြည့် နေတုန်းက အိုဒုက္ခ သေတော့ သေဒုက္ခ.. အဲဒါကြောင့် အသက်ရှင်စဉ် ကာလက ဇရာဒုက္ခသစ္စာ.. အသက်သေတော့ မရဏဒုက္ခသစ္စာ.. ဆိုတော့ကာ အသက်ရှင်နေတဲ့ သတ္တ၀ါတိုင်းက ဇရာဒုက္ခသစ္စာ ကနေ မရဏဒုက္ခသစ္စာ ဆိုကို အရောက်သွားနေကြတဲ့သူချည်းပဲ…

အဲဒီ ဇရာနဲ့ မရဏက ဘယ်ကနေလာသလဲဆိုတော့ ဇာတိဆိုတဲ့ အစ ရှိခဲ့လို့ သူတို့က အဆုံးဆီကို လျှောက်နေရတာ.. အဲဒီတော့ ဇရာနဲ့ မရဏကိုလုပ်ပေးတာဘယ်သူလဲဆိုတော့. ဇာတိကထွက်လာတာပဲ.. ဇာတိကလုပ်ပေးတာပဲ.. မွေးဖွားမှုမရှိခဲ့ရင် မွေးဖွားခြင်းရဲ့ အကျိုးဒုက္ခကို ခံစရာမရှိတော့ဘူး.. မွေးဖွားခြင်းဇာတိ သာလျှင် ဇရာမရဏတို့ရဲ့ အဓိက လက်သည်ဖြစ်နေတာပဲ.. ဒါဆိုရင် မွေးဖွားလာခြင်းကပဲ အပြစ်ဖြစ်နေပြီ..ဒါဆိုသူက ဘာလို့မွေးလာတာလဲလို့သူ့ကို အပြစ်တင်လိုက်..ဇာတိကို. မမွေးဖွားလို့ကောမရဘူးလား. သူရှိလာပြန်ရင်လည်း ဟိုနှစ်ကောင်က လိုက်လာဦးမယ်လေ..ဇရာနဲ့မရဏ.. အဲဒီလိုသူ့ကိုအပြစ်တင်လိုက်ရင် သူက ပြန်ပြောပါလိမ့်မယ်.. ကျွန်တောက်က မွေးဖွားချင်လို့မွေးဖွားရတာမဟုတ်ပါဘူးတဲ့ မွေးဖွားစေတတ်တဲ့ ကံကြောင့် ဇာတိဖြစ်လာတာပါတဲ့.. အဲဒီတော့ ဇာတိက ဒီနေမှာ သူကအကျိုးတရာဖြစ်လားပြီး ကံကအကြောင်းတရားဖြစ်လားပြီ.. ဇာတိကြောင့် ဇရာမရဏပေါ်လို့ ဇာတိက အကြောင်း ဇရာမရဏက အကျိုး.. အခုက ကံကအကြောင်း ဖြစ်ပြီးတော့ ဇာတိကအကျိုးဖြစ်လာတယ်.. ဘာလို့ကံက ဇာတိရဲ့ အကြောင်းဖြစ်တာလဲဆိုတော့. လူဖြစ်စေတဲ့ ကံမရှိရင် လူဆိုတဲ့ဇာတိ မပေါ်နိုင်ပါဘူး. အဲဒီလိုပဲ အပါယ်ရောက်စေတဲ့ကံက အပါယ်ဇာတိကို ကျေးဇူးပြုတာပဲ..နတ်ဖြစ်စေတဲ့ကံက နတ်ဇာတိကို ဖြစ်စေတာပဲ..ဒါကြောင့်ကံက အကြောင်း ဇာတိကအကျိုး.. ကံကြောင့်ဇာတိပေါ်တယ်လို့ ဆိုလိုတာလေ..

ကံဆိုတာက ကာယကံ၊ ၀စီကံ၊ မနောကံ ကိုပြောတာပါပဲ. မကောင်းမှုကိုလုပ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံက အပါယ်ဇာတိကို ဖြစ်စေသလို. ကောင်းမှုလုပ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ က လူနတ်ဆိုတဲ့ ဇာတိကိုဖြစ်စေတာပဲ… နောက်.သမထ ဈာန်တွေရအောင်လုပ်တဲ့ကံတွေကလည်း ဗြဟ္မာဇာတိကိုဖြစ်စေတာပဲ.. အဲဒါတွေကို ထောက်ခြင်းအားဖြင့် ကံကြောင့်ဇာတိတွေပေါ်တယ်ဆိုတာ ထင်ရှားလာပါပြီ..

အဲဒီကံကလည်းပေါ်ချင်တိုင်းပေါ်ရတာလားဆိုတော့ သူကပေါ်ချင်တိုင်းပေါ်တာမဟုတ်ပါဘူး.. စွဲလန်းမှုဥပါဒါန်ကြောင့် ပြုလုပ်အားထုတ်မှုဆိုတဲ့ ကံတွေပေါ်လာရတာပါပဲ.. ဘာကြောင့်မို့စွဲလန်းမှုကနေ ကံတွေမြောက်ကုန်တာလဲဆိုတော့ ဥပမာ..ကျွန်တော်တို့တွေ တစ်ဦးတစ်ယောက်ကို စွဲလန်းတယ် တစ်စုံတခုကို စွဲလန်းတယ်ဆိုရင် သူတို့နဲ့ပက်သက်လို့ အလိုကျရင် ၀မ်းမြောက်တယ်. အလိုမကျရင် ၀မ်းနည်းတယ် ဒေါသထွက်တယ်. ဆိုတဲ့ ၀မ်းသာဝမ်းနည်း တွေကို ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့ တုန့်ပြန်ကြတော့ ကံတွေက မြောက်ပြီပေါ့.. အင်း.ဒါကြောင့်မို့လို့ ကံကလည်း ဥပါဒါန်ရဲ့ အပြုခံဖြစ်သွားတယ်. ဥပါဒါန်က အကြောင်း ကံကအကျိုး… ဥပါဒါန်ကြောင့် ကံမြောက်သွားတာကိုး..

ကဲလိုက်လက်စနဲ့ ဆက်ပြီး ဥပါဒါန်ကိုပါ လက်သည်ရှာကြည့်လိုက်ရအောင်.. ဥပါဒါန်ကဘယ်ကလာတာလဲ.. ဘာကြောင့် ဥပါဒါန်ဖြစ်ရတာလဲဆိုတော့. သူက တဏှာဆိုတဲ့လိုချင်တပ်မက်မှု လောဘကလာရတာပဲ.. လောဘဆိုတာက လိုချင်တာ နှစ်သက်တာ.. ဥပမာ မစားဖူးတဲ့အစားအစာတစ်ခုကို စားကြည့်လိုက်လို့ ကိုယ်ကကြိုက်သွားပြီဆိုရင် နောက်လဲထပ်ထပ်ပြီးစားချင်တဲ့ မစားရမနေနိုင်အောင်ဖြစ်လာတဲ့ ဥပါဒါန်ဖြစ်တော့တာပဲ.. ဥပါဒါန်ဆိုတာ တဏှာအားကြီးလာတာကိုပြောတာပါ.. နှစ်သက်မှုအားကြီးလာတာ.. မရမနေနိုင်အောင်ဖြစ်လာတာ.. ကိုယ့်မှာကလည်း နှစ်သက်စရာတွေကလည်း အတော်များသား.. ကိုယ့်ခန္ဓာကအစ သူများခန္ဓာ အပါအ၀င် ပစ္စည်းပစ္စယ အသုံးအဆောင်တွေပါမကျန်. ရှေဘ၀ နောက်ဘ၀တွေပါ အကုန်လုံးကို လိုက်ပြီးတော့ တွယ်တာထားတာပဲ.. ပထမတော့ နှစ်သက်ရုံလေးပဲ နောက်တော့ စွဲလိုက်ပြီ.. သူ့ကိုမရရင်ပဲ ရူးတော့မှာလိုလို သတ်ပဲသေတော့မလိုလို. . နှစ်သက်မှုကနေ အခြေခံသွားတာ စွဲလန်းမှုကိုရောက်ပြီးတော့ ကံတွေမြောက်ကုန်တော့တာပါပဲ.. တဏှာနဲ့ဥပါဒါန်ကလည်း နှစ်သက်လိုက် စွဲလိုက်. နှစ်သက်လိုက်စွဲလိုက်နဲ့.. သူတို့ကမြင်မြင်သမျှလိုက်စွဲတော့တာပဲ.. ဆံပင်တစ်ချောင်းကျွတ်ရင်ကိုပဲ မကြိုက်ချင်ဘူး.. ကြီးကြီးမားမားကစ သေးသေးမွားမွားပါမကျန် ဘာမှမချန်ချင်ဘူး..ကိုယ့်ကိုယ်ကို လည်းချစ်လိုက်တာလွန်ရော. ခြင်ကလေး ယင်ကလေးတောင် သန်းလို့မရဘူး.. ကိုယ့်ပေါ်တက်လျှောက်တဲ့ပုရွှက်ဆိတ်တောင်မှ အသက်နဲ့လှဲလိုက်ရတယ်.သူကသာ အသက်နဲ့လှဲလိုက်ရတယ် ကိုယ်ကကံမြောက်သွားပြီ.. သိမ်းပိုက်ထားတာကလည်း အကုန် ဘာမှမစွန့်ချင်ဘူး.. နောက်ဆုံး ဖိနပ်စုပ်တောင် ပစ်ချင်ကြတာမဟုတ်ဘူး.. ဖိနပ်က ပျက်သာပျက်သွားတာတဲ့ ပစ်ရမှာတော့ နှမြောတယ်တဲ့.. ဘယ်သူကပေးထားလို့ ဘာအထိမ်းအမှတ်မို့နဲ့ကုတ်ကပ်ပြီးသိမ်းထားချင်ကြသေးတယ်..အသုံးလဲမ၀င်တော့ဘူး ပစ်ဆိုတော့လဲ မပစ်ရက်.. အင်း..ဒါကြောင့်သူတို့တွေက ဆင်ဖြစ်သော်လည်းတစ်ကျွန်းတည်း.. ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း.. စွယ်တော်ဖြစ်တောင် တစ်ရွက်တည်း..လုပ်ကြတာ..ရှိပါသေးတယ် ဖိနပ်ဖြစ်တောင် တစ်ရံတည်း.ဆိုပဲ. ဒါကြောင့် သူတို့ ဖိနပ်စုတ်တောင် မပစ်ရက်တာဖြစ်မယ်.. ကိုယ်ကဈေးဝယ်ထွက်တဲ့အခါ လိုချင်တာလေးတွေ့လိုက်ပြီဆိုရင် ပထမတော့ လိုချင်ရုံတင်လိုချင်သေးတာ.. နောက်သူက အားကြီးလာပြီး ဥပါဒါန်အဖြစ်သို့ရောက်ကာ အိုဝယ်လိုက်ပါမယ်ကွာ စားတာကဘာနဲ့စားစား စသဖြင့် မနောကံမှုတွေ ၀စီကံမှုတွေ နောက် ကာယကံမှုတွေနဲ့ဝယ်ချလိုက်ပြီ… ဆိုတော့ ကံမြောက်ပြီပေါ့.. အဲဒီလိုပဲ တဏှာလာလိုက် ဥပါဒါန်ရောက်လိုက် ကံမြောက်လိုက်နဲ့ တနေ့တနေ့ အချိန်တွေကုန် ကျရတယ်.. ယုတ်စွအဆုံး ကုသိုလ်လုပ်တာတောင်မှ တဏှာကပါလာတယ်.. မယုံရင်ဒါနလုပ်ကြည့်လိုက် ပြီးရင်ဘာလိုက်လာလဲ.. ချမ်းသာရပါလို၏.. ချမ်းသာချင်တဲ့ကောင်က ပါလာတယ်.. သီလလုပ် အသက်ရှည် အနာကင်းချင်တဲ့ တဏှာက မကင်းဘူး..ဒါကြောင့်သူက နေရာတကာပါတယ်.. သူတင်ရပ်နေတာမဟုတ်ဘူး. ဥပါဒါန်၊ နောက် ကံ ကျအောင်ဆက်သွားသေးတာ.. ကံမှမြောက်ပြီဆိုရင်လည်း ဇာတိကလာရတော့မယ်.. ဇာတိလာရင်လည်း ဇရာမရဏပါဆက်သွားဦးမယ်.. အဲဒီလို ဇာတိ ဇရာ မရဏ ဆိုတဲ့ ဒုက္ခသစ္စာထိကျအောင် ပို့လိုက်တာ ဘယ်သူလဲဆိုတော့မှ တဏှာကပေါ်လာတာ.. ဘာကြောင့်ကံမဟုတ်ရတာလဲဆိုတော့ ကံကအခိုင်းခံရတဲ့ကောင်ပါ.. ဒါကြောင့် သူကအဓိကတရားခံမဟုတ်ပဲ တဏှာက အဓိကဖြစ်လာတာ. ခေါင်းဆောင်ကို မသတ်ပဲ လက်အောက်ငယ်သားတွေကို လိုက်သတ်နေလို့ကတော့ ဘယ်တော့မှ ဒီရန်ကအေးမှာမဟုတ်ဘူး. ဘာလို့လဲဆိုတော့ သူက တရားခံဖမ်းမှားလို့ပဲ. အဓိကတရားခံကိုမိမှ သူ့ကြောင့်ဖြစ်မယ့် လက်အောက်ငယ်သားလဲ မရှိတော့ဘူး.. သူ့လက်အောက်ငယ်သားတွေမရှိတော့ သူတို့ကြောင့်ဖြစ်မယ့် ဒုက္ခတွေက နေကင်းဝေးတာပဲ.. ဒါကြောင့်နှစ်သက်မှုတဏှာကနေ မနှစ်သက်တော့ပါဘူးလို့ နှစ်သက်မှုတွေကို စွန့်လိုက်ရင် နှစ်သက်မှုမရှိတော့တဲ့အတွက် စွဲလန်းမှုကလည်း သေတော့တာပဲ.. စွဲလန်းမှုသေတော့ စွဲလန်းမှုမှမရှိတာ စွဲလန်းပြီးတော့လည်း ကံတွေ မလုပ်တော့ဘူး.. ကံတွေမတည်ဆောက်ထားပါဘူး ဆိုတော့လည်း ကံကြောင့် ရောက်ရမယ့် ဇာတိတွေက ပြတ်တော့တာပဲ.. ဇာတိမှ မရှိရင်လည်း ဇာတိကြောင့်ဖြစ်မယ့် ဇရာမရဏကလည်း ဖြစ်ပေါ်ခွင့်မရပဲ ချုပ်နေမယ်.. အဲဒီလို ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ဒုက္ခသစ္စာ အပေါင်းအစု ကြီးချုပ်တာကိုပဲ ဒုက္ခချုပ်ငြိမ်းတယ်ဆိုတဲ့ နိဗ္ဗာန် လို့ခေါ်တယ်.. အဲဒီလို ဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို လိုချင်ရင် ကံတွေချုပ်မှဖြစ်မယ် ကံတွေချုပ်ချင်ရင် ဥပါဒါန်တွေချုပ်မှဖြစ်မယ်.. ဥပါဒါန်တွေချုပ်ချင်ရင် တဏှာချုပ်မှဖြစ်မယ်..

အဲဒီတော့ တဏှာဆိုတဲ့နှစ်သက်မှုလေးတွေကို စွန့်နိုင်ရင် ဥပါဒါန်ပြတ်တယ်၊ ဥပါဒါန်ပြတ်တော့၊ ကံပြတ်တယ်၊ ကံပြတ်တော့ ဇာတိပြတ်တယ်၊ ဇာတိပြတ်တော့ ဇရာမရဏ ပြတ်တယ်ဆိုတဲ့ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရနိုင်မှာဖြစ်လို့

အဲဒီဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို တဏှာဆိုတဲ့နှစ်သက်မှုလေးကို စွန့်ပြီးရအောင်ယူကြရအောင်လို့ တိုက်တွန်းရင်းနဲ့ နောက်ပို့စ်တွေမှ ဘယ်လိုစွန့်မလဲဆိုတာကို ဆက်ရှုကြရအောင်………………








%d bloggers like this: